အခြေခံဥပဒေပြင်ရေး KNU နဲ့ ၈၈ အဖွဲ့ ပူးပေါင်းကြိုးပမ်းဖို့ သဘောတူညီ
2014.05.07

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်တွေမှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဒီနေ့ သဘောတူလိုက်ကြ ပါတယ်။
KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦးဆောင်တဲ့အဖွဲ့နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းတို့ ဒီနေ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးမှာ ဆွေးနွေးပြီး သဘောတူခဲ့ကြတာ ဖြစ်ပါ တယ်။ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ မှာ နော်စီဖိုးရာစိန်က ကေအဲန်ယူအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံကြောင်း အခုလို ပြောပါတယ်။
"ကျမတို့ကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျမတို့လိုချင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ဘူး၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်တယ်လို့ ကျမတို့ခံယူတယ်၊ တစ်ခုလုံးပြုပြင်ဖို့ လိုအပ်တယ်၊ အဲဒါကို ကျမတို့ ဆက်လက်ပြီးတော့ လုပ်ငန်းချမှတ်ပြီး ပူးပေါင်းလုပ်ဆောင်မယ်"
ကေအဲန်ယူ ဒုတိယဥက္ကဌ နော်စီဖိုးရာစိန် ဦးဆောင်တဲ့အဖွဲ့ဟာ ဧရာဝတီတိုင်းဒေသကြီးမှာ ကရင်တိုင်းရင်းသား အဖွဲ့အစည်းတွေ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
KNU ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် မေလ ၉ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး လာမယ့် မေလ ၁၇နေ့မှာ မန္တလေးမှာ ဟောပြောပွဲကျင်းပမှာဖြစ်သလို မေလ ၁၈ ရက်နေ့မှာ ရန်ကုန်မှာ ဟောပြောပွဲကျင်းပမှာ ဖြစ်ပါတယ်။
ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဒီနေ့ သဘောတူညီလိုက်တာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။