ပြည်သူတွေ မြေယာပိုင်ခွင့် KNU ချမှတ်

KNUရဲ့ မြေယာမူဝါဒဆိုင်ရာ ရှင်းလင်းပွဲကို မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပနေစဉ်
KNUရဲ့ မြေယာမူဝါဒဆိုင်ရာ ရှင်းလင်းပွဲကို မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပနေစဉ် (Photo: Kyaw Lwin Oo/ RFA )

0:00 / 0:00

ပြည်သူတွေကသာ မြေယာပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီး အခြေခံရေးဆွဲထားတဲ့ မြေယာမူဝါဒကို ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။

ကေအဲန်ယူရဲ့ မြေယာမူဝါဒလိုမျိုး တခြားဒေသတွေမှာလည်း ချမှတ်စေချင်တယ်လို့ KNU ကရင်အမျိုးသားအစည်း အရုံး အတွင်းရေးမှူး ၂ ပဒို မန်းမန်းက ပြောပါတယ်။

"ကျနော်တို့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ မြေယာမူဝါဒက ပြည်သူလူထုရဲ့ မြေယာပိုင်ဆိုင်ခွင့် အပေါ်မှာ အခြေခံတယ်၊ နောက်လူမှုဘဝဖူလုံရေးနဲ့ ဖွံ့ဖြိုးမှုကို အခြေခံပြီးတော့ ရေးဆွဲထားတဲ့အတွက်ကြောင့် ဒီမြေယာမူဝါဒကို ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးတစ်ခုတည်း မကဘဲနဲ့ ကရင်ပြည်နယ်မှာရော တခြားတိုင်းရင်းသားပြည်နယ်မှာရော နောက်တိုင်းဒေသအားလုံး ပြည်ထောင်စုတစ်ခုလုံးကနေပြီးတော့ ဒီအပေါ်မှာ အခြေခံပြီးတော့မှ တစ်တိုင်းပြည်လုံးရဲ့ ပြည်ထောင်စုတစ်ခုလုံးရဲ့ မူဝါဒမျိုးကို ဆောင်ရွက်သွားနိုင်ဖို့ အတွက် အဓိကရည်ရွယ်ချက်ကြီးဖြစ်ပါတယ်"

ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ မြေယာမူဝါဒဆိုင်ရာ ရှင်းလင်းပွဲမှာ RFA ကမေးမြန်းတာကို ပဒို မန်းမန်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနစ်သာရအရ မြေယာကို နိုင်ငံတော်က ပိုင်ဆိုင်တယ်လို့ ဆို ထားတဲ့အတွက် အခု ကေအဲန်ယူရဲ့ မူနဲ့ကွဲလွဲနေပါတယ်။ ဒီလိုကွဲလွဲမှုအတွက် နှစ်ဖက်ညှိုနှိုင်း ဆွေးနွေးရဦးမှာ ဖြစ်တယ် လို့ ပြောပါတယ်။

မူဝါဒထဲမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေ စစ်ပြေးဒုက္ခသည်တွေအတွက် မြေယာတွေ ပြန်လည် ရရှိရေးကိုလည်း အာမခံပေးသွား နိုင်အောင် ဆောင်ရွက်ဖို့ ထည့်သွင်းရေးဆွဲထားပါတယ်။

KNU ရဲ့ မြေယာမူဝါဒကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ကျင်းပတဲ့ KNU ရဲ့ ၁၅ ကြိမ်မြောက်ညီလာခံမှာ ချမှတ် အတည်ပြုခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပတဲ့ မြေယာမူဝါဒ သတင်းစာရှင်းလင်းပွဲအပြီးမှာ KNU အတွင်းရေးမှူး ၂ ပဒို မန်းမန်း ကို RFA သတင်းထောက် ကိုကျော်သူ က တွေ့ဆုံမေးမြန်းထားပါတယ်။