ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး သံလွင်မြစ်တစ်ဘက်ကမ်း၊ သောလယ်ထာ့ (မဲ့စန်လက်) ဒေသရှိ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ ဧပြီလ ၂၇ မနက် စောစောအချိန်လောက်မှာ KNU ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က တက်ရောက်သိမ်းယူ ခဲ့ကြောင်း ဒေသခံတွေကို ကိုးကားပြီး ကရင်သတင်းအေဂျင်စီ KIC က သတင်း ထုတ်ပြန်ထားပါတယ်။
"ဒီမနက် ၅ နာရီ လောက်မှာ စတက်တာ၊ ၆ နာရီကျော်ကျော်လောက်မှာ စခန်းတက်သိမ်းနိုင်တယ်လို့ သိရတယ်။ အသံတွေ ဆူညံနေရောပဲ။ စခန်းတွေကို မီးရှို့လိုက်ပြီ။ အခု ကျနော်ပြောနေတဲ့အချိန်မှာပဲ ကမ်းနံဖူးမှာ ဗမာစစ်သား ခုနစ်ယောက် ထွက်ပြေးနေတာ လှမ်းမြင်ရတယ်။ သေနတ်တွေ ပါသေးတယ်" လို့ ထိုင်း-မြန်မာနယ်စပ်အနီး ထိုင်းဘက်ခြမ်းရှိ ဒေသခံရွာသားတစ်ဦးက KIC ကို ပြောခဲ့ပါတယ်။
KNU/KNLA တပ်ဖွဲ့တွေက ဒီကနေ့ မနက်စောစော လေးနာရီခွဲလောက်မှာ စစ်ကောင်စီတပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး တစ်နာရီလောက်အတွင်းမှာ စခန်းတစ်ခုလုံးကို သိမ်းယူခဲ့တာဖြစ်တယ်လို့ KIC သတင်းမှာ ဖော်ပြထားပါတယ်။
ဖုန်းဆက်သွယ်ရ ခက်ခဲတာကြောင့် ဒီသတင်းနဲ့ပတ်သက်ပြီး RFA ကနေ သီးသန့်အတည်ပြုနိုင်တာမျိုး မရှိပါဘူး။
ကရင်သတင်းအေဂျင်စီ KIC ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ သီးမူထာ့ စစ်ကောင်စီ စခန်းကိုလည်း KNLA တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့ကြောင်း ဖော်ပြထား ပါတယ်။