စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ငါးဦး KNU နဲ့ ပူးပေါင်း
2023.12.21

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ဒူးပလယာခရိုင်မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ငါးဦး လက်နက်တွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU က ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်နေ့က တပ်မဟာ ၆ နယ်မြေမှာ စစ်ကောင်စီ တပ်မ ၄၄ လက်အောက် ခံ ခမရ ၁၀၂ က ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်းနဲ့ တပ်သားနှစ်ဦး လာရောက်ပူးပေါင်းခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲဒီ ဒီဇင်ဘာ ၁၇ ရက်နေ့မှာပဲ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် ၁၀၂၂ က နယ်ခြားစောင့်တပ်သား တစ်ဦးနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က နယ်ခြားစောင့်တပ် ၁၀၂၂ က တပ်သားတစ်ဦး လာရောက်ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
တပ်မဟာ ၆ နယ်မြေမှာ အခုရက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေ နေရာအနှံ့မှာဖြစ်နေချိန်မှာပဲ စစ်ကောင်စီတပ်သားတွေဟာ လူအင်အား၊ လက်နက်အင်အားမမျှတာကြောင့် လာရောက်ပူးပေါင်းနေတာလို့ KNU က ပြောထားပါတယ်။
စစ်ကောင်စီတပ်သားတွေ လက်နက်ချ ပူးပေါင်းတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ ဝန်ကြီးအစည်းအဝေးရှိတာကြောင့် နောက်မှပြန်လည်ဆက်သွယ်ဖို့ သူရဲ့ကိုယ်ရေးအရာရှိက ပြောပါတယ်။
ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့ကလည်း ပဲခူးတိုင်း၊ မုန်းမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါအဝင် အင်အား နှစ်ဆယ်ခန့် လက်နက်ချခဲ့တယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ထားပါတယ်။