ဒီကနေ့ မနက်ပိုင်းက KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ တွေ့ဆုံ ဆွေးနွေး အပြီး အခုလို ရက်သတ်မှတ်လိုက်တာပါ။ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ တွေ့ဆုံ ဆွေးနွေးပွဲမှာ နှစ်ဘက် အပစ်အခတ် ရပ်စဲပြီးတဲ့နောက် စစ်ရေးအရ အခွင့်အရေး ယူလာတာမျိုးတွေကို ရှောင်ရှားနိုင်အောင် ကြိုးစားဖို့ ဒီကနေ့ ဆွေးနွေးကြတယ်လို့ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောဒေဗစ်ထောက ပြောပါတယ်။ ဒါ့အပြင် နယ်မြေ သတ်သတ်မှတ်မှတ် ပိုင်းခြားရေး၊ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေးနဲ့ ခရီးသွားလာခွင့် ဆိုင်ရာ ကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အနေနဲ့ လက်နက်ကိုင် ၆ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို တာဝန်ယူ ဆောင်ရွက်နေတာ တွေ့ရတယ်လို့ စောဒေးဗစ်ထောက ပြောပါတယ်။ အဲ့ဒီအဖွဲ့တွေ ကတော့ KNU၊ မွန်ပြည်သစ် ပါတီ၊ ပအို့ အဖွဲ့၊ SSA တောင်ပိုင်း၊ KNPP နှင့် CNF ချင်းအဖွဲ့တို့ ဖြစ်ကြပါတယ်။ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ပြောခွင့်ရသူ စောဒေးဗစ်ထောနဲ့ RFA ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
0:00 / 0:00