NCA ပျက်ပြယ်သွားပြီလို့ KNU Concerned Group ပြော

စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပျက်ပြယ်သွားပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က စက်တင်ဘာလ ၂ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၉ အောက်တိုဘာ ၂၈ ရက်နေ့ NCA လေးနှစ်မြောက် အခမ်းအနားမှာ တက်ရောက်လာသူတွေကို တွေ့ရစဥ်

စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က စက်တင်ဘာလ ၂ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ချုပ်ဆိုခဲ့တဲ့ ဒီစာချုပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းမှုကြောင့် ပျက်ပြယ်သွားပြီဖြစ်သလို ဒီစာချုပ်အထက်မှာရှိနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖျက်သိမ်းပြီး ဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ စတင် ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ နောက်ထပ် နှစ်ဖွဲ့ ထပ်မံပါဝင်လာတာကြောင့် စုစုပေါင်း ၁၀ ဖွဲ့က လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

NCA စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေရဲ့ နိုင်ငံရေးပန်းတိုင်ကို မရောက်နိုင်သလို လက်နက်စွန့်စေတဲ့ စာချုပ်မျိုးဖြစ်တယ်လို့လည်း KNU Concerned Group က ရေးသားထားပါတယ်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေ၊ နိုင်ငံရေးပါတီ၊ သတင်းမီဒီယာနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့ပြီး လက်ရှိမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ထိုးစစ်တွေဆင်နွှဲနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CRPH နဲ့ NUG ရဲ့ နိုင်ငံရေးရပ်တည်ချက်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပန်းတိုင်နဲ့ ထပ်တူဖြစ်လို့ NUG ရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးလှုပ်ရှားမှုတွေကို စွမ်းစွမ်းတမံ ပံ့ပိုး ဆောင်ရွက်သွားမယ်လို့ KNU Concerned Group က ပြောထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EAOs) များအနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ကြိုးပမ်း မှုမှာ တစ်ညီတစ်ညွတ်တည်း ပါဝင်တိုက်ပွဲဝင်ကြဖို့ KNU Concerned Group က တိုက်တွန်းထားပါတယ်။

KNU Concerned Group ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် အပါအဝင် KNU ထိပ်ပေါင်းခေါင်းဆောင်တချို့ပါဝင်ပြီး ၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ထားသလို ဖေဖော်ဝါရီ ၃ ရက်နေ့မှာပဲ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org