စစ်ကောင်စီ လက်နက်ကြီးထိလို့ ဆောထိဒေသခံ ကလေးတစ်ဦးအပါအဝင် လေးဦးသေဆုံး
2024.01.05

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ ဆောထိမြို့နယ်က ရေဖြူကန်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ လေးဦးသေဆုံး သွားကြောင်း KNU က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နောက်ထပ် ကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံ ၁၆ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း KNU က ဇန်နဝါရီ ၅ ရက်နေ့ညနေမှာ ထုတ်ပြန်ပါတယ်။
ဆောထိမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၅ ရက်နေ့မနက်မှာ လက်နက်ကြီး ခုနစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အဲဒီထဲက တစ်လုံးက ရေဖြူကန်ရွာက နာရေးကျင်းပနေတဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရကြတာလို့ဆိုပါတယ်။
အသက် ၃၅ နှစ်အရွယ် ဒေါ်အေးမာ၊ မသက် ၅၅ နှစ်အရွယ် ဒေါ်စန်းပို၊ အသက် ၆၀ အရွယ် ဦးညွန့်တင်၊ အသက် ၁၄ နှစ်အရွယ် ကိုဟိန်းတို့ သေဆုံးခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူ ၁၆ ဦးထဲမှာလည်း ငါးနှစ်နဲ့ ခုနစ်နှစ်အရွယ် ကလေးနှစ်ဦးပါဝင်ပါတယ်။ ဒေသခံတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီလက်နက်ကြီးထိလို့ ကလေးတွေအပါအဝင် ဆောထိဒေသခံတွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ သုံးနှစ်နီးပါးအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။