ခေတ်အဆက်ဆက် တိုင်းပြည်အုပ်ချုပ်ခဲ့သူတွေကို KNU ဝေဖန်

RFA Burmese
2024.01.01
ခေတ်အဆက်ဆက် တိုင်းပြည်အုပ်ချုပ်ခဲ့သူတွေကို KNU ဝေဖန် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပသည့် နှစ် ၇ဝ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် တွေ့မြင်ရသော ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များ။
AFP

ခေတ်အဆက်ဆက်တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူတွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းဖို့ စိတ်ဆန္ဒလုံးဝ မရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဝေဖန်လိုက်ပါတယ်။

KNU ဗဟိုက ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ နှစ်သစ်ကူးသဝဏ်လွှာမှာ ထည့်သွင်းဝေဖန်ထားတာပါ။

KNU အနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေး‌နွေး အဖြေရှာတာကို ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပေမဲ့ တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုကြောင့် တွေ့ဆုံဆွေးနွေးမှုတွေဟာ အဆုံးသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုဆိုရင် စစ်အာဏာသိမ်းမှုဟာ သုံးနှစ်နီးပါး ရှိလာပြီဖြစ်တာကြောင့် ပြည်သူတွေဟာ ကျပ်တည်းမှုတွေ၊ ကြီးမားတဲ့ဆုံးရှုံးမှုတွေရင်ဆိုင်ခဲ့ရတဲ့အပြင် မျှော်လင့်ချက်အိပ်မက်တွေဟာလည်း ပျောက်ဆုံးခဲ့ရတယ်လို့လည်း ထောက်ပြထားပါတယ်။

KNU ရဲ့ ဝေဖန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

တန်းတူညီမျှခွင့် ဖော်ဆောင်ဖို့နဲ့ နိုင်ငံရေးပဋိပက္ခတွေ၊ ခုခံတွန်းလှန်စစ်တွေ အဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရမှာလို့လည်း ပြောပါတယ်။

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်မှသာ ပြည်တွင်းစစ်ပဋိပက္ခကို ရပ်တန့်နိုင်မယ်လို့ ဆိုပါတယ်။

အာဏာရှင် ပြုတ်ကျရေးတင်မကဘဲ လူမျိုးကြီးဝါဒစနစ်ကို အမြစ်ပါမကျန် တွန်းလှန်တိုက်ဖျက်နိုင်ရေး ရှေးရှု လုပ်ဆောင်နေတာကြောင့် ပြည်သူတွေလည်း လက်ရှိတော်လှန်ရေးမှာ ဆက်လက်ပူးပေါင်းပါဝင်ကြဖို့ KNU ဗဟိုက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။