အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားဖို့ KNU ခေါင်းဆောင် သတိပေး

မြန်မာအစိုးရနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် မျှော်လင့်ချက် ထားဖို့လိုအပ်သလို အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်ထားကြဖို့ လိုအပ်တယ်လို့ ကေအန်ယူ အကြီးအကဲက ဒီကနေ့ ပြောကြား လိုက်ပါတယ်။

2012.01.31

အစိုးရနဲ့ လက်ရ ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ ခိုင်မာမှု မရှိသေးကြောင်း၊ ငြိမ်းချမ်းရေးမရရင် ဆက်လက် တိုက်ပွဲဝင်ရမှာ ဖြစ်ကြောင်း ဒီကနေ့ ကျရောက်တဲ့ ၆၃ နှစ်မြောက် ကရင့် တော်လှန်ရေးနေ့မှာ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောက ကေအန်ယူ တပ်ဖွဲ့ဝင်တွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ကေအန်ယူနဲ့ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ အခုလ ၁၂ ရက်က ကရင်ပြည်နယ် ဘားအံမြို့မှာ အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ သဘောတူညီချက် နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူညီချက်တွေဟာ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့အတွက် အစပျိုးတဲ့ ခြေလှမ်းလေးတွေ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး စောတာမလာဘောက ပြောပါတယ်။

ကရင်ပြည်နယ် ဦးကရေခီး ကျေးရွာမှာ ဒီကနေ့ ပြုလုပ်တဲ့ တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို ကေအန်ယူ တပ်ဖွဲ့ဝင် ၂၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကေအန်ယူအဖွဲ့ဟာ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ မြန်မာအစိုးရကို စတင် လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။