KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရမှုကို ဆန္ဒပြတဲ့ ခေါင်းဆောင် ၅ ဦး အမှုဖွင့်ခံရ
2017.12.31
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့မှာ ဦးဆောင်ဆန္ဒပြခဲ့သူ ၅ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် ထားတယ်လို့ အမှုဖွင့်ခံထားရသူတစ်ယောက်ဖြစ်တဲ့ ကိုရဲမင်းကျော် က ဒီနေ့ ပြောပါတယ်။
အမှန်တရားအတွက် လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် အမှုဖွင့်ထားတဲ့ကိစ္စကို ရင်ဆိုင်သွားမယ်လို့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုရဲမင်းကျော် က ပြောပါတယ်။
"ကျနော့်အနေနဲ့ကတော့ ရှင်းရှင်းလေးပေါ့နော်။ ကျနော်တို့လုပ်တဲ့ဟာက လူသားတစ်ယောက်အနေနဲ့ ရှုထောင့်ကနေကြည့်ပြီးတော့ ဒီအမှုမှန်တွေ ပြန်လည်ပေါ်ပေါက်ဖို့ပေါ့နော်။ အဓိက ကျနော်တို့က ဒီအမှုမှန် ပြန်လည်ပေါ်ပေါက်စေချင်တယ်။ ကျနော်တို့ကို တရားစွဲတဲ့အပေါ်မှာတော့ ဒါက အမှန်တရား အတွက် လုပ်နေတာဆိုတော့ ကျနော်တို့က ရဲရဲရင်ဆိုင်သွားမယ်ပေါ့နော်။ ဒါကတော့ ကျနော်တို့ဘက် မှာ ပြည်သူတွေရှိမယ်။ ကျနော်တို့ အမှန်တရားအတွက်ပဲ လုပ်နေတာကြောင့်မို့လို့ပေါ့နော်"
KNPP တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ အရပ်သားတစ်ယောက်ကို တပ်မတော်က သတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ် လွိုင်ကော်ဒေသခံ တက်ကြွ လှုပ်ရှားသူ ၁၅ ယောက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က လွိုင်ကော်မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာ ဟောပြောမှုတွေလုပ်ခဲ့တဲ့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့က ကိုရဲမင်းကျော်၊ ကိုမျိုးလှိုင်ဝင်း၊ ကိုဂျွန်ပေါလ် တို့နဲ့ ကရင်နီပြည် တောင်သူ လယ်သမားသမဂ္ဂက ကိုဒီးဒီ၊ ကရင်နီပြည် လူငယ်များ သမဂ္ဂက ခွန်းဘိုဘိုတို့ကို လွိုင်ကော်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
အမှုဖွင့်ထားတဲ့အကြောင်းကို လွိုင်ကော်မြို့နယ် ရဲစခန်းမှူးက မနေ့က နှုတ်နဲ့ အကြောင်းကြား ခဲ့ပေမယ့် တရားဝင်စာပေးပို့တာမရှိသေးဘူးလို့ ပြောပါတယ်။ တရားလိုအမည်ကို မေးမြန်းပေမယ့် ရဲတပ်ဖွဲ့က ထုတ်ဖော်မပြောဘူးလို့ ပြောပါတယ်။
အဲဒီအမှုအတွက် လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ရုံးချိန်း ချိန်းဆိုထားတယ်လို့ သိရပါတယ်။