ငြိမ်းချမ်းရေးဆွေးနွေးဖို့ KNPP အဖွဲ့ လွိုင်ကော်ရောက်ရှိ
2013.06.18

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူးဦးရယ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ ယောက်ပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဒုတိယအကြိမ် ထပ်မံဆွေးနွေးဖို့ ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိသွားပြီလို့ သိရပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးက ထိုင်းမြန်မာနယ်စပ်ကနေပြီး ကားလမ်းခရီးနဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့မနက်မှာ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ လွိုင်ကော်မြို့ ဒေသကွပ်ကဲရေးစစ်ဌာနချူပ် မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်တယ်လို့ KNPP အဖွဲ့က ကျန်းမာရေးနဲ့ စီးပွားရေးရာဝန်ကြီး ခူးဒယ်နီယာက ပြောဆိုပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးရာမှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့က လွိုင်ကော်မြို့မှာ တွေ့ဆုံခဲ့ချိန် နှစ်ဖက်တပ်စခန်းခံစစ်တွေကလွဲပြီး ထိုးစစ်တွေအားလုံး ရပ်ဆိုင်းထားဖို့အပါအဝင် နှစ်ဖက်သဘောတူ လက်မှတ်ထိုးခဲ့ကြတဲ့ အချက် ၁၄ ချက်ကို ပြန်ဆွေးနွေးကြဖို့ရှိပြီး တပ်ဖက်ဆိုင်ရာကိစ္စ၊ စစ်လေ့ကျင့်ရေးကျောင်းကိစ္စတွေနဲ့ စစ်ရေးကိစ္စတွေကို ခိုင်မာတဲ့ သဘောတူညီချက်ရအောင် ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ KNPP အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကပြောဆိုပါတယ်။
ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးပြီးရင် ဇွန်လ ၂၁ ရက်နေ့မှာကျရောက်မည့် ၁၃၈ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ဒီမောဆိုမြို့နယ် ဆိုဖောသဲကျေးရွာမှာ ကျင်းပကြမယ်လို့ ဦးအောင်ဆန်းမြင့် က ဆက်ပြောပါတယ်။
"ဇွန်လ ၂၁ ရက်နေ့မှာ အမျိုးသားရေးနေ့လုပ်မယ်၊ ၁၃၈ နှစ်မြောက် ကရင်နီအမျိုးသားနေ့ပေါ့နော်၊ ထူးထူးခြားခြားပေါ့ ကရင်နီအမျိုးသားနေ့ဆိုတာ အရင်တုန်းကတော့ ခုခံတော်လှန်ရေးနယ်မြေတွေမှာပဲ ကျနော်တို့ကလုပ်တာပေါ့နော်၊ ဗမာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲ အကွေ့အပြောင်းမျိုးမှာ ကရင်နီအမျိုးသားနေ့ကို ကရင်နီပြည်ထဲမှာ လုပ်ခွင့်ရတယ်ဆိုတော့ ဘာပဲပြောပြော လူ့အခွင့်အရေးတစ်ရပ်လို့ ကျနော်တို့မြင်ပါတယ်"
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ဟာ ယခင်စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့က အပစ်အခတ်ရပ်စဲရေးအပါအဝင် အချက် ၁၆ ချက် ကို သဘောတူ လက်မှတ်ထိုးခဲ့ကြပေမယ့် ၃ လအကြာမှာ သဘောတူညီမှုပျက်ပြားခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ဖူးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။