NCA စာချုပ်အတိုင်း လိုက်နာမယ်လို့ KNLA စစ်ဦးစီးချုပ်ပြော

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မတော်က တပ်ဖွဲ့ဝင်များ။
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မတော်က တပ်ဖွဲ့ဝင်များ။ (File Photo/Reuters)

ဦးသိန်းစိန်အစိုးရ လက်ထက်က ချုပ်ဆိုထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း တိတိကျကျ လိုက်နာသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ဇွန် ၉ ရက်မှာ သဘောထားထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တစ်ခုလုံးရဲ့ သဘောထားမဟုတ်ဘဲ စစ်ဦးချုပ် တစ်ဦးတည်းရဲ့ သဘောထားလို့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလထဲမှာ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကလည်း NCA လမ်းကြောင်းအတိုင်း လိုက်နာဆောင်ရွက်မယ်လို့ ကြေညာခဲ့တာပါ။ အဲ့ဒီတုန်းကလည်း KNU တစ်ခုလုံးရဲ့ သဘောထားမဟုတ်ဘဲ ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ သဘောထားလို့ ပြောဆိုချက်တွေ ရှိခဲ့ပြီးနောက် KNU လက်အောက်ခံ စစ်ဦးစီးချုပ်က အခုလို ထပ်မံစာထုတ်ပြောဆိုတာ ဖြစ်ပါတယ်။

KNLA တပ်ဟာ KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုကို အမြဲတမ်းလိုက်နာတာကြောင့် ဥက္ကဋ္ဌ မူတူးစောဖိုးနဲ့ သဘောထား ထပ်တူဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ စာထဲမှာပြောထားပါတယ်။

NCA စာချုပ်အတိုင်းလိုက်နာမှာ ဖြစ်တာကြောင့် KNLA တပ်ဖွဲ့ဝင်တွေအားလုံး စစ်စည်းကမ်းတွေကို တိတိကျကျလိုက်နာဖို့လည်း ဗိုလ်ချုပ်ကြီးစောဂျော်နီက ပြောထားပါတယ်။

ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ သဘောထားထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RFA က KNU ပြောခွင့်ရှိသူ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းရာမှာတော့ " ဒါက တစ်ဦးချင်းရဲ့ သဘောထားထုတ်ပြန်ချက်ပါ။ ဒီအပေါ်မှာ သဘောထားမှတ်ချက် ပေးစရာတော့မရှိပါဘူး။ ဥက္ကဋ္ဌတုန်းကလည်း ဒီလိုပဲ ဖော်ပြခဲ့ပါတယ်" လို့ ပြောပါတယ်။

KNU ဥက္ကဋ္ဌ စထုတ်ခဲ့တဲ့ ထုတ်ပြန်ချက်စာမှာ မြန်မာ့အကျပ်အတည်းမှာ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းလာတာ တွေ့ရတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကနေ တဆင့် အဖြေရှာဖို့ကိုသာ လိုလားတယ်လို့လည်း ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့သီးမူထာစခန်း နဲ့ သော်လဲထာ စခန်းတွေကို KNU /KNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

KNU /KNLA ဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့လူငယ်တွေကို ထိုင်း-မြန်မာနယ်စပ်က သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်သင်တန်းပေးနေတယ်ဆိုပြီး စစ်ကောင်စီက ကန့်ကွက်စာထုတ်ထားပါတယ်။

၁၉၄၉ ခုနှစ်မှာ လက်နက်ကိုင်ခဲ့တဲ့ KNU/KNLAဟာ ပြည်တွင်းစစ်သမိုင်းမှာ ထင်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။