စစ်ကောင်စီ စစ်ကူစစ်ကြောင်းတွေကို KNLA မဟာမိတ်တပ်တွေ ကြားဖြတ်တိုက်ခိုက်
2024.10.11

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေး စစ်ကူ စစ်ကြောင်းတွေကို ကော့နွဲ့၊ ရေတွင်းဖြူကုန်းနေရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ဖြတ်တောက် တိုက်ခိုက်ခဲ့တယ်လို့ KNLA ပူးပါင်းတပ်ဖွဲ့တာဝန်ရှိသူက RFA ကို ပြောပါတယ်။
အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကူ အင်အားတစ်ရာကျော်နဲ့ နယ်မြေကျော်လွန် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
"အောင်ဇေယျ စစ်တပ်က အခု စစ်ကူစစ်ကြောင်းတွေနဲ့ ထိုးလာတယ်၊ ကိုယ့်အပိုင်နယ်မြေထဲက ရေတွင်းဖြူကုန်းကို ကျော်လာတော့ ဒီနေ့မနက်ကတည်းက တိုက်ပွဲ ဖြစ်နေတာ အခု ညနေသုံးနာရီလောက်မှာ လက်ကျန် အဖွဲ့တွေ ပြန်ဆုတ်ဆင်းပြေးသွားပြီ၊ ကော့ကရိတ်အပိုင်ကို သူတို့မကျော်နိုင်သေးဘူး"
ဒီလိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီစစ်ကြောင်းဟာ ကော့ကရိတ်မြို့နယ် နယ်နမိတ်ကနေ မြဝတီဘက်ကို မကျော်လွန်နိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်က စတင်ပြီး KNLA မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြဝတီအာရှလမ်းသစ်နဲ့ သင်္ဃန်းညီနောင်စစ်ဗျူဟာ အပါအဝင် စစ်တပ်တပ်ရင်း သုံးရင်းနေရာတွေ ပြန်သိမ်းရဖို့ အောင်ဇေယျစစ်ဆင်ရေးအဖြစ် ကြည်းတပ်၊ လေတပ်၊ ဒရုန်းတပ်နဲ့ အမြောက်တပ် စုစုပေါင်း အင်အား နှစ်ထောင်ဝန်းကျင်နဲ့ တိုက်ခိုက်နေတာ ခုနှစ်လ နီးပါး ရှိလာပြီဖြစ်ပါတယ်။
လတ်တလောမှာ ကရင်ပြည်နယ်အခြေစိုက် တပ်မ ၂၂ နဲ့ မွန်ပြည်နယ် ကျိုက်ထိုအခြေစိုက်တပ်မ ၄၄ လက်အောက်ခံတပ်ရင်းတွေက ဘားအံ၊ ကျုံဒိုးလမ်းပိုင်းကနေ ကော့ကရိတ်မြို့ဘက်ကို စစ်ဆင်ရေး စစ်ကူစစ်ကြောင်းတွေ နေ့စဉ်ပို့ဆောင်နေတယ်လို KNLA မဟာမိတ်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
"အောင်ဇေယျကို နေ့တိုင်း စစ်ကူကပို့တယ်၊ ဘားအံကနေ ကျုံဒိုးပေါ့ ၊အဲဒီကနေ ကော့ကရိတ်ရွှေကြက်မင်းဘုန်းကြီးကျောင်းမှာ နောက်တန်းစစ်ဆင်ရေးကို ကြီးကြပ်တဲ့ တပ်ထိုင်ထားတယ်၊ အဲဒီကနေ ဒေါနတောင်လမ်းဟောင်းဘက်၊ ဆင်ကုန်းရွာတောင် မဲတောင်တောလမ်းနဲ့ အာရှလမ်းဘေးကနေ သူတို့က စစ်ကြောင်းသုံးကြောင်းနဲ့ တက်နေတာ"
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်း မဖြေပါဘူး။
အခုအောက်တိုဘာလအတွင်းမှာ မြဝတီ၊ ကော့ကရိတ်၊ ဘုရားသုံးဆူ၊ ဖာပွန်မြို့နယ်တွေထဲက စစ်ကောင်စီတပ်စခန်းတွေကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ခိုက်ချေမှုန်းနေပြီး နေ့စဉ်လိုလို တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။