မိုင်းထောင်ထားတဲ့နေရာတွေ အနီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ KIA တားမြစ်


2015.10.27
kia-soliders-620.jpg လုံခြုံရေးယူထားသည့် KIA စစ်သားတချို့ကို တွေ့မြင်ရစဉ်။
Photo: RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်၊ နမ့်ဝါနဲ့ မုတ်ကျိတ်ရွာအနီးတဝိုက်မှာ KIA ကချင်လွတ်မြောက်ရေး တပ်မတော် က မိုင်းတွေထောင်ထားတဲ့အတွက် ဒေသခံတွေကို ဖြတ်သန်းသွားလာမှုမပြုဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီမိုင်းတွေဟာ အခုမှထောင်ထားတာမဟုတ်ဘဲ အရင်တိုက်ပွဲတွေ ဖြစ်ပွားကတည်းကရှိခဲ့တဲ့ မိုင်းတွေဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အိုနည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။

"မိုင်းထောင်တယ်ဆိုတဲ့ဟာက အခုပဲထောင်တာမဟုတ်ဘူးလေ အရင်က စစ်ဖြစ်ကတည်းကထောင်ထား တာလေ၊ အရင်ကတည်းက ထောင်ထားတဲ့ဟာတွေရှိမယ်၊ ပြီးရင် စိုးရစစ်တပ်တွေ သွားလာလှုပ်ရှား တဲ့နေရာတွေဘက်မှာ ရှိကောင်းရှိမယ်၊ မိုင်းထောင်တဲ့အချိန်မှာ လိုက်နာရမယ့် အချက်အလက်တွေ ရှိတယ်လေ၊ ပြည်သူတွေသွားလာတဲ့ နေရာမဟုတ်ရဘူး၊ ပြည်သူတွေ လုပ်စားနေတဲ့နယ်တွေမဟုတ်ရဘူး၊ ဒါကြောင့် လုပ်ထားတဲ့နေရာတွေမှာ ဘယ်လိုသတိပေးအချက်တွေထားရမယ် ပြည်သူတွေကိုဘယ်လို အသိပေးရမယ် ဆိုတဲ့ဟာတွေက အားလုံးရှိတယ်၊ အနီရောင်ဆိုင်းဘုတ်နဲ့ကို ရေးထားတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းက ကေအိုင်အိုအဖွဲ့ရဲ့ ဝါးရှောင်တိုက်နယ်မှူးဆိုသူက ရွာလူကြီးတစ်ချို့ကို ခေါ်ယူပြီး မိုင်းထောင်ထားတဲ့ နေရာတွေမသွားဖို့ တားမြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စပါးရိတ်သိမ်းချိန်ဖြစ်တဲ့ အခုလိုကာလမျိုးမှာ စိုက်ခင်းတွေထဲ သွားလာလို့မရတာကြောင့် ကျေးရွာသားတွေအတွက် အခက်အခဲရှိတယ်လို့ ဝါးရှောင်ရွာသားတစ်ဦးက ပြောပါတယ်။

မိုင်းထောင်ထားတဲ့ နေရာတွေဟာ ရွာနဲ့တစ်မိုင်ကျော်သာကွာဝေးတဲ့ လယ်မြေတွေနဲ့ ထိစပ်နေ တဲ့ တောတောင်တွေထဲမှာဖြစ်ပြီး ရွာသားတွေရဲ့ လိမ္မော်၊ တညင်းစတဲ့ သီးနှံစိုက်ခင်းတွေ အနီးတဝိုက်မှာဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး အစိုးရနဲ့ ကေအိုင်အေတပ်တွေရဲ့ နှစ်ဘက်ပစ်ခတ်မှုတွေနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် ဒေသခံအတော်များများ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။