သူရဦးရွှေမန်းရဲ့ ပြောဆိုချက် မမှန်ဟု KIO တုံ့ပြန်

ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အကြား တင်းမာမှု မရှိတော့ဘဲ အခြေအနေတွေ နဂိုအနေအထား နီးပါး တည်ငြိမ်မှု ရရှိနေပြီဆိုတဲ့ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက် မှန်ကန်မှုမရှိကြောင်း KIO က ငြင်းဆိုလိုက်ပါတယ်။

2011.06.26
kia-training-305-z ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် သင်တန်းကျောင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
RFA

သူရဦးရွှေမန်းဟာ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ခန်းမမှာ လွှတ်တော်အမတ်တွေ၊ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေ၊ သတင်းမီဒီယာတွေနဲ့ သောကြာနေ့က တွေ့ဆုံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှွတ်တော်အမတ် ဦးသိန်းဇော်ရဲ့ ကြိုးပမ်းမှုကြောင့် အခြေအနေတွေ မူလနီးပါး ပြန်ကောင်းသွားပြီလို့ သူရဦးရွှေမန်းက ပြောဆိုခဲ့တယ်လို့ အဲဒီ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းက RFA ကို ပြောပါတယ်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းကတော့ သူရဦးရွှေမန်းရဲ့ ပြောကြားချက်ဟာ လက်တွေ့ အခြေအနေနဲ့ ကိုက်ညီမှုမရှိဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။

“သူပြောတာ ပြောသွားတာပါ။ အမှန်တကယ်တော့ အဲဒီလောက်ကြီး မဟုတ်ပါဘူး။ အခု အခြေအနေ တင်းမာတယ်လို့ပဲ ပြောရမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့ တပ်အင်အားတွေ နည်းလမ်းအမျိုးမျိုးနဲ့ နေရာယူထားတဲ့ အပိုင်းတွေအများကြီး ရှိပါတယ်။ အောက်ပိုင်းကတပ်တွေ တက်လာတာလည်း ကြိုးကြားကြိုးကြား ရှိတုန်းပဲ။ မြို့ပေါ်မှာ ပေါ်တာဆွဲတဲ့သတင်းတွေ ပြန့်နေတာဟာ တည်ငြိမ်မှု မရှိဘူးဆိုတာ ဖော်ပြနေတာပဲ။ မြစ်ကြီးနားမြို့ပေါ်မှာ ည ၈ နာရီနောက်ပိုင်း ထွက်တဲ့သူတွေ ဖမ်းခံရတာ၊ ရိုက်နှက်ခံရတာ၊ မေးမြန်းစိစစ်တာတွေ အမြဲတမ်း ဖြစ်နေတယ်။ လုံးဝ တည်ငြိမ်သွားတယ်ဆိုတဲ့ ပြောဆိုချက် မှန်သလား မှားသလားဆိုတာ အဲဒါ သက်သေအထောက်အထား ရှိနေပြီလေ”

မြစ်ကြီးနားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဇော်ဟာ နအဖ စစ်အစိုးရ လက်ထက်က ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး တာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဦးသိန်းဇော်ဟာ မြန်မာစစ်တပ်နဲ့ KIA တပ်တွေ အပစ်ရပ်ဖို့ ဇွန်လ ၁၇ ရက်နေ့မှာ KIO အဖွဲ့ထံ ကိုယ်စားလှယ် စေလွှတ်ခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့မှာ စာတစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် KIO အဖွဲ့က ဦးသိန်းဇော်ရဲ့ဆက်သွယ်ဆောင်ရွက်မှုဟာ ခိုင်လုံပြတ်သားမှု မရှိဘူးလို့ ယူဆခဲ့ပြီး အဲဒီ နောက်ပိုင်းမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်လို့ ပြောပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိဘူးလို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။