KIO ထိပ်ပိုင်းခေါင်းဆောင် ပြောင်းလဲ
2018.01.02
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဌ အဖြစ် တာဝန်ယူမယ့် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ရာထူးလွှဲပြောင်းပေး အပ်တဲ့ အခမ်းအနားကို ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
KIO ဥက္ကဌ တာဝန်ယူမယ့် ဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအဝင် ရာထူးတာဝန် ၅ နေရာ အပြောင်းအလဲရှိခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"ဒီနေ့ ထိပ်ပိုင်းခေါင်းဆောင်တွေအပြောင်းအလဲလုပ်တဲ့ အခမ်းအနား ၉ နာရီမှာ လုပ်ပါတယ်။ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ KIO ရဲ့ဥက္ကဌ၊ ဒုဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကတော့ KIOရဲ့ ဒုဥက္ကဌနဲ့ စစ်ဦးစီးချုပ်ရာထူး၊ ဆွမ်လွတ်ဂန်ကတော့ KIO ရဲ့ ဒုဥက္ကဌ ၂ ရာထူး ၊ နောက်ဗိုလ်ချုပ် ဂွမ်မော်ကတော့ KIC ရဲ့ ဒုဥက္ကဌ ၁ ရာထူး စတဲ့ ငါးနေရာအပြောင်းအလဲရှိပါတယ်"
အရင်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဌ အဖြစ် လညော်ဇောင်းဟရား က တာဝန်ယူခဲ့တာဖြစ်ပါတယ်။
လက်ရှိ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ UWSA "ဝ" ဦးဆောင်ပါဝင်တဲ့ ပြည်ထောင်စုနိုင် ငံရေး ဆွေးနွေးရေးကော်မတီမှာ FPNCC မှာ ဒုဥက္ကဌ တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က လမိုင်ဂွန်ဂျာက KIO အဖွဲ့အတွင်း လိုအပ်တဲ့အတွက် ရာထူး အပြောင်းအလဲတွေပြုလုပ်တာလို့ ယူဆကြောင်းနဲ့ ကချင်ပြည်သူတွေအနေနဲ့တော့ အကောင်းဆုံးလုပ်ဆောင်နိုင် မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း KIA လိုင်ဇာဌာနချုပ်အနီး၊ ကချင်ပြည်နယ် တနိုင်းဒေသနဲ့ ကချင်ပြည်နယ်က တချို့နေရာတွေမှာ အစိုးရတပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။