အစိုးရနဲ့ ကေအိုင်အို အပစ်အခတ်ရပ်စဲရေး (၇) ချက် သဘောတူလက်မှတ်ရေးထိုး


2013.05.30
kio-gov-peace-305.jpg မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ အစိုးရနဲ့ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် အစိုးရဖက်က စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး နဲ့ ကေအိုင်အိုဖက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တို့ကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ သုံးရက်ကြာတွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ နောက်ဆုံးနေ့မှာ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေမယ့် သဘောတူညီချက် (၇) ချက် သဘောတူလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ပိုင်းဆိုင်ရာကိစ္စတွေအပါအဝင် ဒီကနေ့ဆွေးနွေးပွဲဟာ ရလဒ်ကောင်းတွေ ရရှိခဲ့ကြောင်းနဲ့ ပြည်သူတွေမျှော်လင့်နေတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မကြာမီဖော်ဆောင်နိုင်တော့မှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက RFA ကို အခုလို ပြောပါတယ်။

"ဒီကနေ့ သဘောတူညီချက်ရတယ်ဆိုတာ တိုးတက်တဲ့ရလာဒ်ပေါ့၊ ယခင်တုန်းကတော့ တိုက်ပွဲအရှိန်တွေ လျော့ချနိုင်တယ်၊ တိုက်ပွဲအရှိန်လျော့ချတာကနေပြီးတော့ နောက်ဆုံးမှာ တိုက်ပွဲတွေရပ်သွားတဲ့အထိ ကျနော်တို့နှစ်ဖက်စလုံးက ဆက်လက်ပြီးတော့ ကြိုးစားသွားမယ်ဆိုတဲ့ သဘောတူညီချက်ရတော့ ဒါကတကယ်ခိုင်မာတဲ့ရလာဒ်ကောင်းလို့ ပြောလို့ရပါတယ်၊ လက်ရှိမှာတော့နှစ်ကြိမ် ကျနော့်အနေနဲ့ တက်ရောက်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ရွှေလီဆွေးနွေးပွဲမှာတစ်ကြိမ် ဒါဒုတိယအကြိမ်ပါ၊ ကျနော့်ဘက်ကတေ့ာ ရွှေလီဆွေးနွေးပွဲနဲ့ ဒီဆွေးနွေးပွဲကို နှိုင်းယှဉ်မယ်ဆိုရင် ဒီဆွေးနွေးပွဲက ပိုမိုကောင်းမွန်တဲ့ရလာဒ်တွေရတယ်လို့ ပြောလို့ရပါတယ်၊ ပြည်သူတွေအနေနဲ့ရော ကချင်ပြည်နယ်လူထုအတွက်ရော ကျနော်တို့တစ်နိုင်ငံလုံးအတွက်ရော အားလုံးလိုချင်တဲ့ဆန္ဒတွေ မျှော်လင့်ချက်တွေ မကြာခင်မှာပြည့်စုံလာတော့မှာပါ"

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း  အခုဆွေးနွေးပွဲဟာ အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာအသက်ဝင်စေမယ့် သဘောတူညီချက်တွေ ရေးထိုးထုတ်ပြန်နိုင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"အခုကျနော်တို့ လက်မှတ်ထိုးတာကတော့ အရင်တရုတ်နိုင်ငံရွှေလီမှာ ကျနော်တို့ သဘောတူညီခဲ့တဲ့ အချက်တစ်ခုရှိပါတယ်၊ နိုင်ငံတော်အစိုးရဖက်ကနေ နိုင်ငံရေးနည်းအရ ဖြေရှင်းမယ်ဆိုရင် ကေအိုင်အိုအနေနဲ့ လည်း ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေးရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိဖြစ်ပါတယ်၊ ကျနော်တို့က ခိုင်ခိုင်မာမာနဲ့ အပစ်အခတ်ရပ်စဲပြီးတော့ ကျနော်တို့အားလုံး စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိနိုင်တဲ့အနေအထားကိုသွားဖို့အထိဖြစ်ပါတယ်၊ ဒီကနေ့လက်မှတ်ရေးထိုးတာက ကျနော်တို့အပစ်အခတ် ရပ်စဲရေးစာချုပ်မဟုတ်ပေမယ့် ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေးဖက်ကိုရောက်ရှိနိုင်မယ့် စာချုပ်တစ်ခုဖြစ် ပါတယ်၊ ဒီကနေ့ကတော့ နိုင်ငံရေးအနှစ်သာရလို့ပြောရတာခက်ပါတယ်၊ သို့သော်လည်းပဲ ဒါကိုပြောရမယ် ဆိုရင် နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ဆန္ဒများကို အတိအလင်းဖော်ပြတာကတော့ ကျနော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ကိစ္စပါ၊ ဘာပဲဖြစ်ဖြစ် ဒီကနေ့အစည်းအဝေးကတော့ တော်တော်လေးကောင်းမွန်တယ် လို့ပြောနိုင်ပါတယ်"

အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့  ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးဆွေးနွေးမှုတွေကို ဆက်လက်ဆောင်ရွက်ဖို့၊ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကိုလျှော့ချပြီး တိုက်ပွဲတွေထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းဖို့၊ နယ်မြေလုံခြုံရေးကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရတဲ့ ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ဖို့စတဲ့ အချက် (၇) ချက်ပါဝင်တဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြတာပါ။

ကေအိုင်အိုနဲ့ အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့  ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးဖြစ်သူ သမ္မတအကြံပေး ဦးလှမောင်ရွှေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။