KIO ထိန်းချုပ်နယ်မြေမှာ ကိုဗစ်ကူးစက်မှု များလာတာ ကြောင့် ဂိတ်တွေပိတ်ထား

2021.10.28
KIO ထိန်းချုပ်နယ်မြေမှာ ကိုဗစ်ကူးစက်မှု များလာတာ ကြောင့် ဂိတ်တွေပိတ်ထား KIO ထိန်းချုပ်နယ်မြေမှာ ကိုဗစ်-၁၉ ထိန်းချုပ်​ရေးလုပ်ငန်းများ ၂၀၂၁ အောက်တိုဘာ ၂၆ ရက်နေ့က လုပ်​ဆောင်​နေကြစဉ်
Photo: The Kachin Net

ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ၊ အင်ဂျန်ယန်မြို့ အင်ဂွမ်လရွာက အထက်တန်းကျောင်းမှာ ကျောင်းသား ၄၀၀ ကျော် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိတာကြောင့် ရွာကို Lock down လုပ်ပြီး ပိတ်ထားတယ်လို့ KIA ရဲ့ ကိုဗစ်ထိန်းချုပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အပါအဝင် ဒေသခံ အယောက် ၈၀၀ ကျော်ကို ကိုဗစ်ရောဂါပိုး စစ်ဆေးရာမှာ ၄၄၉ ဦး ပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသအတွက် ဆေးဝါးနဲ့ အစားအသောက် အကူအညီတွေ လိုအပ် နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့ ပါကထောင် စစ်ဘေးဒုက္ခသည် စခန်းမှာလည်း ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ ၁၀၀ ကျော်ရှိတာကြောင့် အောက်တိုဘာလ ၂၈ ရက် ဒီနေ့မှာပဲ KIO ရဲ့ ကိုဗစ်ကုသရေး စင်တာကို ပို့ဆောင်လိုက်တယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

“အရင်တစ်ခါဖြစ်တဲ့ ရပ်ကွက်တွေတော့ မပါတော့ဘူး၊ အခြားရပ်ကွက်တွေ ပြန်ဖြစ်တာ၊ အကုန်လုံးဆိုရင် ၁၈၀ ကျော်ရှိတယ်၊ ဒီတစ်ခါက ကလေးတွေလည်းများတယ် ” လို့ ပါကထောင် စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံကဆိုပါတယ်။

လက်ရှိ ကိုဗစ်ကူးစက်မှုတွေ များနေတာကြောင့် KIO ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ လိုင်ဇာ၊ မိုင်ဂျာယန်၊ အင်ဂျန်ယန်စတဲ့ အဝင်အထွက် ဂိတ်တွေကို ပိတ်ထားတဲ့အပြင် လိုင်ဇာနဲ့ မိုင်ဂျာယန်က စာသင်ကျောင်း တွေ အားလုံးကိုလည်း ပိတ်ထားပါတယ်။

KIO အနေနဲ့ လက်ရှိမှာတော့ သူတို့ ထိန်းချုပ်နယ်မြေမှာရှိတဲ့ ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတွေ ထိုးပေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။