စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူ့စစ်လှုပ်ရှားမှုတွေမှာမပါဝင်ဖို့ KIO ဥက္ကဋ္ဌသတိပေး
2024.02.05

စစ်ကောင်စီဟာ အာဏာတည်မြဲဖို့ ၂၀၀၈ အခြေခံဥပဒေကိုအသုံးပြုပြီး ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့အပေါ် ပြည်သူတွေမပါဝင်ဖို့နဲ့ လူမျိုးစုနဲ့ဒေသတွေကြား ပြဿနာဖြစ်ပေါ်လာစေနိုင်တဲ့ ပြည်သူ့စစ်တွေရဲ့ လှုပ်ရှားမှုတွေမှာမပါဝင်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌကသတိပေးလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၅ ရက် ဒီနေ့ကျရောက်တဲ့ (၆၃) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီကျရှုံးပြီးနောက်ပိုင်း အဖွဲ့တွေအချင်းချင်းကြားမှာ ပြဿနာတွေ ဆက်လက်ဖြစ်လာနိုင်တာကြောင့် စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကြား အမြင်တူတဲ့သဘောတူညီချက်တွေ တည်ဆောက်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင်မရှိတဲ့နောက်ပိုင်း နိုင်ငံကို တည်ငြိမ်အေးချမ်းစွာ ပြန်လည်တည်ဆောက်ဖို့ နိုင်ငံသားတွေဆီမှာ တာဝန်ရှိတယ်လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လကပြောပါတယ်။
“စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းပြီးနောက်ပိုင်း နိုင်ငံကို ဘယ်လိုပြန်လည်တည်ဆောက်မလဲဆိုတာက အရမ်းအရေးကြီးတဲ့မေးခွန်းဖြစ်တယ်။ စစ်အဏာရှင်မရှိတော့တဲ့နောက်ပိုင်း နိုင်ငံကို တည်ငြိမ်စွာ၊ ငြိမ်းချမ်းစွာနဲ့ ပြန်လည်တည်ဆောက်ယူဖို့က နိုင်ငံသားတွေဆီမှာ တာဝန်ရှိပါတယ်”
KIO အနေနဲ့လည်း စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ အစဉ်အမြဲတွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေသလို တိုက်ပွဲဝင်နေတဲ့အခြားအဖွဲ့အစည်းတွေနဲ့လည်း လိုအပ်ချက်အပေါ် မူတည်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီကျရှုံးသွားတာနဲ့အတူ ပြည်သူလူထုတွေရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းစွာနေထိုင်မှု၊ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးစတာတွေကို ဦးစားပေးဆောင်ရွက်ရမယ်လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လကပြောပါတယ်။
လက်ရှိအချိန်မှာ တော်လှန်းရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ ညီညွတ်စွာပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကျရှုံးခါနီးနေပြီဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ဗိုလ်တွေနဲ့စစ်သားတွေလည်း စိတ်ဓာတ်ကျဆင်းနေတာကို ပြည်သူတွေမြင်တွေ့နေရပြီ ဖြစ်တယ်လို့လည်းဆိုပါတယ်။
KIO ဟာ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို တည်ထောင်တဲ့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ကို ကချင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
စစ်အာဏာရှင်ကို တော်လှန်တဲ့ကာလမှာ ယခုတစ်ကြိမ်က တော်လှန်ရေးရေချိန် အမြင့်ဆုံးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအတွက် မျှော်လင့်ချက် အရှိဆုံးကာလဖြစ်ပြီး KIO ရည်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အမြန်ဆုံးပြည်ဝပါစေလို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။