ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရန် KIO ကိုယ်စားလှယ် အဖွဲ့ မြစ်ကြီးနားရောက်ရှိ


2013.05.27
kio-peace-305.jpg မေလ ၂၈ ရက်နေ့မှာကျင်းပမည့် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ KIO ကိုယ်စားလှယ်အဖွဲ့မှ ဗိုလ်ချုပ် ဆွမ်လွတ် ဂွမ်မော် ကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့ကို ဒီကနေ့နေ့လည်ပိုင်းက ရောက်ရှိလာပါတယ်။

လိုင်ဇာမြို့ကနေ ထွက်လာတဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်မှာရှိတဲ့ နန့်ဆန်ယန်ကျေးရွာအထိ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က သွားရောက်ကြိုဆိုခဲ့ပါတယ်။  ဝန်ကြီး ဦးအောင်မင်းနဲ့အတူ လိုက်ပါသွားခဲ့တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက RFA ကို အခုလို ပြောပါတယ်။

“ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌလည်းဖြစ်တဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ကျနော်တို့ ဆရာကြီး ဆွမ်လွတ်ဂမ် ဦးဆောင်တဲ့အဖွဲ့က ဗိုလ်ချုပ် ဆွမ်လွတ် ဂွမ်မော် တို့အဖွဲ့ကို သွားကြိုတာပါ၊”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ဆွေးနွေးပွဲမှာ ရလဒ်တစ်ခုရအောင် အကောင်းဆုံးကြိုးစားသွားမယ်လို့ ကေအိုင်အေ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က RFA ကို ပြောပါတယ်။

“ကျနော်တို့ ရလာဒ်တစ်ခုကို ဆွေးနွေးကြည့်ပြီးမှ ပြောရမှာပါ၊ အခုလောလောဆယ်တော့ အကောင်းဆုံး ဆွေးနွေးမယ်ဆိုတာလောက်ပဲ ပြောရမှာပါ၊ နားလည်မှုတစ်စုံတစ်ရာရတဲ့အထိ ကျနော်တို့ကြိုးစားမှာပါ”

မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေ့လာသူတွေအဖြစ် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီယာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုးဖွဲ့ တက်ရောက်မှာဖြစ်ပြီး တရုတ်ကိုယ်စားလှယ်တွေကတော့ လက်ရှိအချိန်ထိတက်ရောက်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။