ကေအိုင်အိုအတွင်း နောက်ထပ် ဒုစစ်ဦးစီးချုပ်နှစ်ဦး တိုးမြှင့်ခန့်ထား


2016.01.06
kio-leaders-620.jpg အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ၂ဝ၁၄ ခုနှစ် မေလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ ကေအိုင်အို ကိုယ်စားလှယ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့အဖွဲ့ကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် တာဝန်ယူနေရတဲ့ လုပ်ငန်းတွေ များနေတာကြောင့် နောက်ထပ်ဒုတိယစစ်ဦးစီးချုပ် နှစ်ဦးကို ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဗဟိုက ထပ်မံခန့်ထားလိုက်ပါတယ်။

ဒုတိယစစ်ဦးချုပ်နှစ်ယောက်ကို လုပ်ငန်းတာဝန်တွေ ခွဲဝေလိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဆန်းအောင်က ဒီကနေ့ပြောပါတယ်။

"ဗိုလ်ချုပ်ဂွမ်မော်က သူတာဝန်ယူရတဲ့အပိုင်းတွေ တော်တော်များနေတယ်၊ နိုင်ငံခြားရေးရော ငြိမ်းချမ်းရေး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ရော တပ်ပိုင်းဆိုင်ရာရော ပညာရေးပိုင်းရော မျိုးစုံတဲ့အခါကျတော့ သူ့အတွက်က မနိုင်မနင်းဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒုဦးစီးချုပ်ကို နှစ်ယောက်ထပ်တိုးတာပေါ့၊ အလုပ်တွေ ခွဲဝေလိုက်ရင်တော့ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်၊ အလုပ်ခွဲရင် မြန်မြန်သွက်သွက်နဲ့ ပြီးနိုင်တယ်ပေ့ါ"

ထပ်မံတာဝန်ပေးလိုက်တဲ့ ဒုတိယစစ်ဦးစီးချုပ် နှစ်ယောက်ဟာ ဗိုလ်မှူးချုပ် ခေါင်လွမ်းနဲ့ ဗိုလ်မှူးချုပ် အောင်ဆိုင်းလာ တို့ဖြစ်ပြီး သူတို့နှစ်ဦးကို ဘယ်လိုတာဝန်တွေပေးမယ်ဆိုတာတော့ လောလောဆယ်မှာ အသေးစိတ်မပြောနိုင်သေး ဘူးလို့ ကေအိုင်အိုအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ လက်ရှိစစ်ဦးစီးချုပ်ဟာ ဒုတိယဗိုလ်ချုပ်ကြီး ဂမ်ရှောင်ဖြစ်ပြီး ဒုတိယစစ်ဦးချုပ်က သုံးယောက်ဖြစ်သွားပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်ဟာ လက်ရှိဒုတိယစစ်ဦးချုပ် တာဝန်ထမ်ဆောင်းနေသလို ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၊ ငြိမ်းချမ်းရေး၊ နိုင်ငံခြားရေး၊ လူငယ်နဲ့ ပညာရေး စတဲ့ကဏ္ဍတွေမှာ တာဝန်ယူနေတာလို့ သိရပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားဟာ အခုလအတွင်း ကေအိုင်အို ဗဟိုဋ္ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို သွားရောက်ဖို့ စီစဉ်နေပါ တယ်။ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့ စီစဉ်ထားပေမယ့် အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ Mr. Vijay Nambia ဟာ ပြီးခဲ့တဲ့ ၂၀၁၃ သြဂုတ်လ နဲ့ ၂၀၁၄ ဧပြီလတွေမှာ လိုင်ဇာမြို့ကို သွားရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။