နှစ်သစ်မှာ မေတ္တာတရား အလေးထားဖို့ ပန်ကြား


2013.04.03
sainkainna-305.jpg ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ
photo: Dhammaduta Youth

နှစ်သစ်မှာ လူမျိုး၊ ဘာသာမခွဲခြားပဲ မေတ္တာတရားကို အခြေခံတဲ့ဆက်ဆံရေးထားကြပြီး ငြိမ်းချမ်းလုံခြုံတဲ့ လူ့ဘောင်တစ်ခုဖြစ်ဖို့ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေအပါအဝင် လူမှုအဖွဲ့အစည်းတွေ အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြဖို့ ဆရာတော် အရှင်ဆေကိန္ဒက ဒီကနေ့မှာ တိုက်တွန်းမိန့်ကြားလိုက်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်မှာ ဆရာတော်အရှင်ဆေကိန္ဒနဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ တွေ့ဆုံရာမှာ အခုလိုသြဝါဒစကား မိန့်ကြားခဲ့တာပါ။

ဒီကနေ့ နေ့လည်ပိုင်းက ဆရာတော်အရှင်ဆေကိန္ဒကို လျှောက်ထားခဲ့တဲ့ ကိုမင်းကိုနိုင်က ဆရာတော်ရဲ့ မှာကြားချက်ကို ပြောပြပါတယ်။

“ဒီကနေ့ကစပြီးတော့ နေ့စဉ်ကိစ္စတွေမှာရော နောက်ပြီးတော့ လာမယ့်နှစ်သစ်ကူးမှာရောပေါ့၊ မေတ္တာတရားကို အခြေခံတဲ့ဆက်ဆံရေးတွေ လူမျိုးဘာသာမရွေးရှိကြဖို့ ပြီးတော့ မေတ္တာတရားအခြေခံတဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ဖြေရှင်းမှုတွေ အဲ့ဒီအကြောင်းပါပဲ ဆရာတော်က သြဝါဒပေးသွားတယ်၊ ဒီနှစ်သစ်ကူးပွဲတော်မှာပဲ ကျနော်တို့အားလုံးဟာ လူမျိုးဘာသာမရွေး မေတ္တာတရားအခြေခံတဲ့ ဆက်ဆံရေးနဲ့ စိတ်ချပြီးတော့ လုံခြုံတဲ့ လူ့ဘောင်တစ်ခုကို ဖြတ်သန်းဖို့တော့ ကျနော်တို့ ကြိုးစားကြမှာပေါ့၊ ကျနော်တို့ တတ်နိုင်သမျှ ဝိုင်းပြီးတော့ ဆောင်ရွက်ကြမှာပေါ့၊ အဓိကကတော့ ငြိမ်းချမ်းရေးအတွက်ပါပဲ”

ဆရာတော်ရဲ့ မိန့်ကြားချက်အတိုင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ဆရာတော် အရှင်ဆေကိန္ဒဟာ မိတ္ထီလာမြို့ အဓိကရုဏ်းဖြစ်စဉ်တွေမှာလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့အတူ သွားရောက်လေ့လာခဲ့ပြီး ဒေသခံတွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။