ရေစကြိုမှာ PDF တစ်ဦးအပါအဝင် လေးဦး သတ်ဖြတ်ခံရ
2024.06.10

မကွေးတိုင်း ရေစကြိုမြို့နယ် ခုနှစ်ပင်ရွာကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့အခြေစိုက် ခလရ (၂၅၆) က စစ်ကောင်စီတပ်သား အင်အား ရှစ်ဆယ်ခန့်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို သတင်းရပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲဒီနေ့ မနက်က PDF တွေ စုမုန့်စားနေတဲ့နေရာကို သူတို့က အတင်းဝင်စီးပြီး ပစ်ခတ်တာဆိုတော့ သေနတ်တွေ ယူချိန်မရလိုက်ဘဲ အကုန်လုံး ထွက်ပြေးတာမှာ တစ်ယောက် ကျန်ခဲ့တာ။ အမှန်တကယ် PDF တစ်ဦးနဲ့ သေနတ် လေးလက် ဆုံးရှုံးတယ်။ ကျန်တဲ့သူတွေက သတ်ခံရတဲ့သူတွေက ဒေသခံတွေ"
အဲဒီနေ့က ခုနှစ်ပင်ရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်ဆယ်ခန့်ကို ဖမ်းခေါ်သွားပြီး ဒီနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ အဲဒီအထဲက ခုနှစ်ပင်ရွာသားတစ်ဦးနဲ့ ကျွန်းဘိုပင်ရွာသားတစ်ဦးတို့ကတော့ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ သူကဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ခုနှစ်ပင်ရွာအနီးက PDF စခန်းကို လုံခြုံရေးအဖွဲ့တွေက သွားရောက်ရှင်းလင်းစဉ် PDF လေးဦး သေဆုံးပြီး သေနတ်လေးလက် သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
မေလ ၁၇ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ ကျောက်ထပ်၊ ဇီးတောနဲ့ သဲတောရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းစဉ် ဒေသခံခုနစ်ဦး သတ်ဖြတ်ခံရသလို နေအိမ် သုံးရာခန့် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။