စစ်ကောင်စီကိုကူညီနေလို့ဆိုပြီး အုတ်ဖိုမြို့နယ်က ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

RFA Burmese
2024.05.04
စစ်ကောင်စီကိုကူညီနေလို့ဆိုပြီး အုတ်ဖိုမြို့နယ်က ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ ပဲခူးတိုင်း အုတ်ဖိုမြို့အား တွေ့ရစဉ်။
Citizen Journalist

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရွာသစ်ကျေးရွာရာအိမ်မှူး ဦးမြင့်အောင်ကို စစ်ကောင်စီတပ်အတွက် စစ်သားစုဆောင်းတာတွေ လုပ်နေလို့ဆိုပြီး ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက မေလ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ပစ်သတ်လိုက်တယ်လို့ အုတ်ဖိုမြို့ဒေသခံတွေက ပြောပါတယ်။

အသက် ၄၀ အရွယ် ရာအိမ်မှူး ဦးမြင့်အောင်ဟာ နေအိမ်မှာတင် အပစ်ခံရပြီး ဦးခေါင်းပွင့်ထွက်ဒဏ်နဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ အုတ်ဖိုမြို့ခံတစ်ဦးက ဦးမြင့်အောင်ဟာ ရွာသစ်ကျေးရွာက လူငယ်တွေကို စစ်သားစုဆောင်းတာနဲ့ စစ်ကောင်စီတပ်ကို သတင်းပေးအဖြစ် လုပ်ကိုင်နေသူလို့ RFA ကို ပြောပါတယ်။

"သူက ရွာသစ်ရွာမှာ အာဏာအရှိဆုံးလူလို ဖြစ်နေတာပေါ့။ လူငယ်တွေကို သတင်းပေးတိုင်ကြားတာရှိသလို၊ စစ်မှုထမ်းဖို့ အိမ်ပေါ်အထိ တက်ဖမ်းတာလည်း သူပဲ။ တော်တော်ကို ဆိုးတဲ့သူမိုလို့ ပစ်သတ်ခံရတာပါ"

ဦးမြင့်အောင်ရဲ့သတင်းပေးမှုနဲ့ အုတ်ဖိုမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်း သုံးခုထက်မနည်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာ ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အခုလိုအပစ်ခတ်ခံရပြီး နာရီပိုင်းအကြာမှာ အင်အားနှစ်ဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရွာသစ်ကျေးရွာထဲမှာ တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) အဖွဲ့ကလည်း ဦးမြင့်အောင်ဟာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ထောက်တိုင်ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်မှုထမ်းဥပဒေပြဌာန်းတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ မေလ ၄ ရက်အထိ နှစ်လကျော်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လို့ဆိုပြီး နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၆၂ ဦး သတ်ဖြတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။