ဝိုင်းမော်က စစ်ကောင်စီတပ်စခန်းနှစ်ခု KIA ဆက်လက်သိမ်းပိုက်

RFA Burmese
2024.06.13
ဝိုင်းမော်က စစ်ကောင်စီတပ်စခန်းနှစ်ခု KIA ဆက်လက်သိမ်းပိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ‌ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝိုင်းမော်-ချီဖွေ ကားလမ်းပေါ်က အရေးပါတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇွန်လ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဝိုင်းမော်မြို့နယ် ဆနီခူးရွာအနီးက အင်အား လေးဆယ်ခန့်နဲ့ အထိုင်ချထားတဲ့ တပ်စခန်းနှစ်ခုကို သိမ်းယူခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

"မနေ့က နေ့လယ်ပိုင်းမှာ ဆနီခူးဆိုတဲ့ တပ်စခန်းနှစ်ခု ဆက်သိမ်းတာ ရှိပါတယ်။ အဲစခန်းက ခရီးတစ်ထောက် လုံခြုံရေးယူတဲ့စခန်းဖြစ်သလို ခရီးသွားပြည်သူလူထု စစ်ဆေးတဲ့ဂိတ်တစ်ခုလည်း ဟုတ်တယ်။ ဆဒုံးကနေ ချီဖွေကိုသွားတဲ့ လမ်းခွဲအတိုင်း နည်းနည်းဆက်သွားလို့ရှိရင် အဲဒီဂိတ်ရောက်တယ်။ ဆိုတော့ လမ်းရဲ့ လုံခြုံရေးအတွက်တော့ အင်မတန်မှ အရေးကြီးတဲ့ စခန်းတစ်ခုဖြစ်ပါတယ်"

ဝိုင်းမော်မြို့နယ်အပြင် မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မံစီမြို့နယ်က မနေ့ကတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

မနေ့ကတစ်ရက်တည်းမှာပဲ ၀ိုင်းမော်မြို့ ခလရ (၅၈) တပ်ရင်းအနီးတစ်၀ိုက်က လမြန်နဲ့ ၀ူယန်ရွာတွေဘက်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြာင်းပစ်ကူသုံးပြီး အပြင်းအထန် ခုခံနေတယ်လို့လည်း ဆိုပါတယ်။

ဇွန်လ ၁၃ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဝိုင်းမော်မြို့နယ် မိုင်းနားရွာအနီးက ငှက်ပျောခြံထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်လာပြီး လွယ်ဂျယ်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဒေါ့ဖုန်းယန်နဲ့ ဆဒုံးမြို့တွေ အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၂၀ ကျော်ကို KIA က သိမ်းယူထားနိုင်ပြီလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။