မိုးမောက်မြို့အနီးက စစ်ကောင်စီတပ်စခန်းကို KIA ထပ်မံသိမ်းယူ

RFA Burmese
2024.04.02
မိုးမောက်မြို့အနီးက စစ်ကောင်စီတပ်စခန်းကို KIA ထပ်မံသိမ်းယူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ကို ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ် မိုးမောက်မြို့အဝင်မှာရှိတဲ့ ကျောက်စခန်းစုပေါင်းစစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတို့ကို ဧပြီလ ၂ ရက်နေ့ ညပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ KIA က ပြောပါတယ်။

မြို့အဝင် နှစ်မိုင်အကွာမှာရှိတဲ့ စုပေါင်းစစ်ဆေးဂိတ်နေရာနဲ့ စစ်တပ်စခန်းတို့ သိမ်းယူလိုက်တာလို့ KIA သတင်းနဲ့ ပြန်ကြားတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“မိုးမောက်ကနေ တက်သွားရင် တောင်ခြေရင်းမှာရှိတဲ့ တပ်စခန်းနဲ့ စုပေါင်းစစ်ဆေးရေးဂိတ် ဖြစ်ပါတယ်။ မနေ့က ည ၈ နာရီလောက်မှာ သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ မနေ့ကနေ ဒီနေ့မနက်အထိက ဒီစခန်းပဲ သိမ်းမိတယ်လို့ သတင်းရပါတယ်”

အခုသိမ်းယူလိုက်တဲ့ တပ်စခန်းဟာ KIA သိမ်းယူပြီးဖြစ်တဲ့ စိန်လုံဗျူဟာကုန်းလက်အောက်ခံဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲကနေ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း သိမ်းဆည်းရမိတာ ရှိ၊ မရှိဆိုတာ မသိရသေးဘူးလို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စိန်လုံဗျူဟာကုန်းကို KIA က သိမ်းယူပြီးနောက် မိုးမောက်မြို့တွင်းအထိ တိုက်ပွဲတွေ ကူးစက်လာမှာ စိုးရိမ်ကြတာကြောင့် ဒေသခံအများစုဟာ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းကတည်းက တိမ်းရှောင်ခဲ့ကြတာပါ။ မြို့ထဲမှာတော့ အိမ်စောင့်အနေနဲ့ ကျန်နေတဲ့ ဒေသခံတချို့ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

KIA ဌာနချုပ် လိုင်ဇာအနီးနဲ့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက မတ်လ ၇ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဒီနေ့အထိ တပ်စခန်းပေါင်း ခြောက်ဆယ်ကျော်ကို သိမ်းယူထားနိုင်ပြီလို့ KIA က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။