ကချင်ပြည်နယ်၊ မံစီမြို့နယ် ဘလောင်ဒိန်ဆာကျေးရွာအခြေစိုက် ခလရ (၂၅၀) စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီလ ၂ ရက် ဒီနေ့မနက်ပိုင်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်ခဲ့ကြောင်း KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
“မနေ့က မနက်ပိုင်း ၉ နာရီလောက်က စတိုက်တာ ဒီမနက်တော့ သိမ်းနိုင်ပြီပေါ့။ သတင်းအချက်အလက် အပြည့်အစုံတော့ မပေးသေးဘူး။ သိမ်းထားတဲ့ စခန်းကို ရှင်းလင်းရေးတွေတော့ လုပ်ပြီးပြီလို့ ပြောပါတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကိုကို ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အဲဒီ ခလရ (၂၅၀) တပ်ရင်းဟာ KIA တပ်မဟာ(၃) နယ်မြေအတွက် လမ်းပန်းဆက်သွယ်ရေးမှာ အရေးကြီးတဲ့ ဒေသဖြစ်တယ်လို့လည်း KIA သတင်းဌာနဖြစ်တဲ့ the Kachin Net မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ရေးသားထားပါတယ်။
ဘလောင်ဒိန်ဆာကျေးရွာက စစ်ကောင်စီတပ်စန်းဟာ ၂၀၁၁ ခုနှစ် တစ်ကျော့ပြန် ကချင်စစ်ဖြစ်ပွားခဲ့ချိန် KIA ဘက်က ဆုတ်ခွာခဲ့ရတဲ့ တပ်စခန်းဖြစ်ပြီး မံစီမြို့ကနေ မန်ဝိန်းကြီးရွာဘက်သွားတဲ့ လမ်းပိုင်းမှာရှိတဲ့ ဗျူဟာကျတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်၊ မံစီမြို့နယ်တွေကနေ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နဲ့ တရုတ်ပြည်နယ်စပ်မှာရှိတဲ့ မန်းဝိန်းကြီး ကျေးရွာကို သွားတဲ့လမ်းပိုင်းက အရေးကြီးတဲ့ စခန်းတစ်ခုဖြစ်တဲ့ ကိုင်ထိပ် စစ်ကောင်စီတပ်စခန်းကိုလည်း ဇန်နဝါရီလ ၂၉ ရက်နေ့က KIA က သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ KIA တို့ကြား ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က တိုက်ပွဲ (၆၂၁) ကြိမ်နဲ့ ၂၀၂၂ ခုနှစ်မှာ (၅၀၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွင်မှာ တိုက်ပွဲပေါင်း ၅၆၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၂၃ ခုကို သိမ်းပိုက်ခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ KIO ဘက်က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။