စစ်ကောင်စီတပ်စခန်း ၄၀ ကျော်သိမ်းထားပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း KIA ပြော
2024.03.19

ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်၊ နှစ်စကစပြီး သုံးလနီးပါးတိုက်ပွဲအတွင်း တပ်စခန်းလေးဆယ်ကျော်ကို သိမ်းယူထားသလို မတ်လ ၂၀ ရက်နေ့ဒီနေ့အထိလည်း မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ဆွမ်ပရာဘွမ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်က ပြောပါတယ်။
ဝိုင်းမော်မြို့နယ် နာဖော့တပ်စခန်း၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးက ခလရ (၁၄၁) တပ်စခန်းနဲ့ ဆွမ်ပရာဘွမ်မြို့နယ်က ခလရ (၄၆) တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတာလို့ (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“လက်တွေ့အခြေအနေကတော့ လိုင်ဇာပတ်ဝန်းကျင်ကနေ ပြောမယ်ဆိုရင်တော့ နာဖော့တပ်စခန်းဘက်မှာ ဒီနေ့ဆိုရင် ၃ ရက်လောက်ရှိပြီ တိုက်ပွဲဖြစ်တာ ဒီမနက်လည်း ဂျက်ဖိုက်တာတွေ သုံးခေါက်၊ လေးခေါက်တောင် လာပြီးဗုံးကြဲတယ်။ နောက် ဆင်ဘိုဘက်မှာ တိုက်ပွဲတွေရှိပါတယ်။ မနေ့ကလည်း ဆင်ဘိုဘက်မှာလာပြီးတော့ လေကြောင်းနဲ့ တိုက်ခိုက်တာတွေရှိပါတယ်။ ကျန်တဲ့နေရာမှာတော့ ဆွမ်ပရာဘွမ်ဘက်မှာ တိုက်ပွဲဝင်နေပါတယ်။ ၂၀၂၄ အခုကဆိုရင်တော့ စခန်းပေါင်းလေးဆယ်ကျော်လို့ ပြောလို့ရပါပြီ သိမ်းထားတာ”
မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို သိမ်းနိုင်ခဲ့ပြီဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေ မရှိတာ့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် တိုက်ပွဲတွေ ဆက်ပြင်းထန်နိုင်တယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ကချင်ပြည်နယ်အရေး လေ့လာသူတွေကလည်း ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကို (KIA) က ဆက်လက်တိုက်ခိုက်သွားဖို့ ရှိနေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၄ ခုနှစ်၊ အစပိုင်းကစလို့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်လာခဲ့ပြီး RFA ရဲ့ စာရင်းအရ မတ်လ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံ ၄၄ ဦး သေဆုံးခဲ့ပါပြီ။