မိုးညှင်းက စစ်ကောင်စီတပ်စခန်း သုံးခုကို KIA သိမ်းပိုက်

RFA Burmese
2024.06.24
မိုးညှင်းက စစ်ကောင်စီတပ်စခန်း သုံးခုကို KIA သိမ်းပိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသက စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ တပ်စခန်းသုံးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ဇွန်လ ၂၄ ရက်နေ့မှာ ပြောပါတယ်။

အင်းတော်ကြီးနဲ့ ဖားကန့် ဝှေခါမှော်ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်က ညောင်ပင်ရွာ၊ ဝှေလုံနဲ့ ချောင်းဝ စတဲ့ရွာတွေမှာရှိတဲ့ တပ်စခန်းသုံးခုကို ဇွန်လ ၂၃ ရက်နဲ့ ၂၄ ရက်‌ နှစ်ရက်အတွင်းမှာ တိုက်ခိုက်သိမ်းယူခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်နေတဲ့ ရွာတွေဘက်ကို လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်ပင်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စခန်း သုံးခုလုံးက သိမ်းလိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေကြတယ်လို့ သိရတယ်။ မနေ့ကနေ ဒီနေ့မနက်အထိ စကစက လက်နက်ကြီးနဲ့ ခြောက်ကြိမ်လောက် ပစ်တယ်။ လေကြောင်းနဲ့က လေးကြိမ်လောက် လာပစ်တယ်။ ရွာခံတွေကတော့ အကုန်မထွက်ကြဘူး။ တချို့က နီးစပ်ရာကို ခဏသွားရှောင်တယ်။ ရွာထဲမှာ ကျန်နေတဲ့သူတွေကလည်း အိမ်ထဲမှာ ပုန်းအောင်းနေကြရတာပေါ့”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူနဲ့ KIA ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိသေးပါဘူး။

၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ စပြီး ကချင်ပြည်နယ်အတွင်း ဒေါ့ဖုန်းယန်၊ မြို့သစ်၊ လွယ်ဂျယ်၊ မြို့လှ၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ ဆဒုံးမြို့တွေ အပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း တစ်ရာကျော်ကို KIA နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။