တနိုင်းနဲ့ ဝိုင်းမော်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA သိမ်း
2024.06.11

ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇွန် ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
တနိုင်းမြို့နယ်က ပယင်းမှော်နဲ့ ရွှေမှော်တွေကို အဓိကထိန်းချုပ်ထားတဲ့ ရေကန်တောင် တပ်စခန်းကို ဇွန်လ ၁၀ ရက်မှာ သိမ်းယူခဲ့တာပါ။
ဝိုင်းမော်မြို့နယ်က ဘွမ်တောင်တပ်စခန်းကိုတော့ ဇွန်လ ၁၁ ရက်မနက်မှာ သိမ်းယူခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
“မနေ့ကတော့ တနိုင်းဘက်က ပယင်းမှော်ရွှေမှော်ဘက်က စခန်းတစ်ခုသိမ်းတယ်။ ရေကန်တောင်ဆိုတဲ့ စခန်းတစ်ခုကိုသိမ်းတယ်။ ဒီနေ့မနက်လည်း ဆဒုံမြို့ဘက် တက်သွားတဲ့ ဘွမ်တောင်ရွာက တပ်စခန်းကိုသိမ်းတာ”
ဘွမ်တောင်တပ်စခန်းက ပြည်သူ့စစ်တွေထိုင်တဲ့ တပ်စခန်းဖြစ်ပါတယ်။ တရုတ်- မြန်မာနယ်စပ် ကန်ပိုက်တီမြို့ ဘက်ကိုသွားတဲ့ လမ်းကို အဓိကလုံခြုံရေးယူတဲ့စခန်းဖြစ်ပါတယ်။
ရေကန်တောင်စခန်းကတော့ ၂၀၁၇ ခုနှစ်ကစလို့ စစ်ကောင်စီတပ် ခလရ (၂၉၇)နဲ့ ခလရ(၂၆၀) တပ်တွေ တပ်စွဲခဲ့ပြီး အင်အား ခြောက်ဆယ်ကျော် ရှိပါတယ်။
ဇွန် ၈ ရက်မှာတော့ ရေကန်တောင်စစ်ကောင်စီတပ်စခန်းက ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး ပယင်းမှော်မှာ ရှိနေတဲ့ပြည်သူ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
KIA ဟာ ၂၀၂၄ ခုနှစ် အစောပိုင်းကစလို့ ဒီကနေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်း တစ်ရာကျော်ကို သိမ်းယူထားပါတယ်။