ဖမ်းဆီးခံ ၁၄ ဦးကို စစ်တပ်က ပြန် လွှတ်၊ အစိုးရဝန်ထမ်း ၂ ဦးကို KIA ဖမ်ဆီး

လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။
လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။ (Photo:RFA/Kyaw Myo Min)

0:00 / 0:00

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေက အရပ်သားတွေကို အပြန်အလှန်ဖမ်းဆီး မှုတွေရှိပြီး မေလ ၄ ရက်နေ့ ညနေပိုင်းမှာ အစိုးရတပ် ကဖမ်းသွားတဲ့ ဒုက္ခသည်စခန်းက အမျိုးသား ၁၄ ဦး ကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

မေလ ၃ ရက်နေ့က ဗန်မော်ခရိုင် မန်ဝန်းကြီးမြို့နယ် အတွင်းရှိ လဂါတ်ယန် ဒုက္ခသည်စခန်းက ဒုက္ခသည် အမျိုးသား ၁၄ ဦးကို နယ်မြေခံတပ်မ (၈၈) က ဖမ်းစီးခေါ်ဆောင်သွားပြီး မနေ့က ပြန်လွှတ်ပေးခဲ့ပေမဲ့ တစ်ဦးကို ပြန်ဖမ်းသွားတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။ အလားတူ မေလ ၃ရက်နေ့က မြစ်ကြီးနားမြို့ ကနေ မြစ်ဆုံကိုသွားတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးက ဝန်ထမ်း ၂ ဦးကိုလည်း KIA တပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးလမိုင်ဂွမ်ဂျာပြောတာက

"ပြည်နယ်အစိုးရရုံးက ဝန်ထမ်းနှစ်ယောက်က သူတို့မြစ်ဆုံမှာ ပျော်ပွဲစားသွားတဲ့အချိန်မှာ လမ်းမှာဖမ်းသွားတာပေါ့လေ၊ ၃ ရက်နေ့တုန်းက ရုံးဝန်ထမ်းဆိုပြီး ဖမ်းတဲ့သဘောမဟုတ်ဘူးပေါ့၊ သူတို့လည်း သူတို့တပ်ပြေးတွေကို လာရောက်ဖမ်းဖို့ အထဲမှာဝင်တဲ့အချိန်မှာ ကြုံကြိုက်လို့ဖမ်းသွားတဲ့သဘောပေါ့ အဲလိုပြောတယ်ခင်ဗျ၊ အဲဒါကျနော်တို့ဘက်က ပြန်လွှတ်ပေးဖို့အတွက် ပြောထားပြီးသားပဲ၊ ပြန်လွှတ်ပေးမယ်လို့ သတင်းသိရတယ်"

အခုလို အပြန်အလှန်ဖမ်းဆီးမှုတွေရှိနေတာ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မူအားနည်းလို့ဖြစ်တယ်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။ လတ်တလောအနေနဲ့ KIO အဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို သီးခြားဆွေးနွေးဖို့ ကမ်းလှမ်းထားပြီး လာမယ့် မေလ ၁၃ရက်နေ့မှာ မြစ်ကြီးနားမြို့မှာ နှစ်ဘက်တွေ့ ဆုံ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။