ကေအိုင်အေနဲ့ အစိုးရ ဆက်လက် တိုက်ခိုက်
2016.05.25

မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာအနီးမှာ ဒီနေ့မနက်က အစိုးရတပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား တိုက်ပွဲ ဆက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်က မိုင်းခေါင်နဲ့ ကောင်းခါးပါ ရွာမှာ အခြေစိုက်ထားတဲ့ အစိုးရစစ်တပ် ၂ ခု ကတပ်ဖွဲ့ဝင်တွေ မန်စီမြို့နယ်အတွင်းရှိ ကေအိုင်အေ တပ်ရင်း ၂၇ နယ်မြေအတွင်း ဝင်ရောက်လာတဲ့ အတွက် တိုက်ပွဲဖြစ်ပွားရတယ်လို့ အဲ့ဒီနယ်မြေရှိ ကေအိုင်အေ အရာရှိတစ်ယောက်က ပြောပါတယ်။
"တိုက်ပွဲဖြစ်တာလေ မိုင်းခေါင်ကနေ တက်လာတဲ့ မုန်းလွတ်မှာ တစ်ဖွဲ့၊ ကောင်းခါးဘက်က တစ်ဖွဲ့၊ အဲ့နှစ်ဖွဲ့ နဲ့ ၁၀ နာရီလောက်မှ စတယ်၊ သူတို့တက်လာတယ် တစ်နာရီကျော် သွားတယ် မိုင်းခေါင်ဟိုဘက်က အကုန်လုံး ပြေးနေကြတယ်"
တိုက်ပွဲဖြစ်တဲ့နေရာဟာ မိုင်းခေါင်ကျေးရွာနဲ့ ၅ မိုင်လောက်အကွာမှာရှိပြီး ဒုက္ခသည် စခန်းနဲ့လည်း နီးတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ ကို ဆက်သွယ် မေးမြန်းရာမှာ တိုက်ပွဲဖြစ်တာမှန်ပေမယ့် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။