KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်
2024.05.13

ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ မေလ ၁၃ ရက် ဒီကနေ့ ညနေခြောက်နာရီ ခွဲလောက်က လိုင်ဇာမြို့ KIA ဌာနချုပ်မှာ ကွယ်လွန်သွားပါတယ်။
သူ့ရဲ့ဈာပနကို လာမယ့် မေလ ၁၅ ရက်နေ့မှာ လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကိုပြောပါတယ်။
"သူ့မှာ အသည်းရောဂါရထားတာကြာပြီ၊ အသည်းရောဂါ နာတာရှည်ရောဂါနဲ့ ဆုံးသွားတာဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ် ရှိပါပြီ။ ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ KIA ထဲ စတင်ဝင်ရောက်လာတာလို့ ကချင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The 74 Media သတင်းမှာ ဖော်ပြပါတယ်။
သူဟာ စစ်ရေးပရိယာယ်ကြွယ်ဝပြီး တပ်ဖွဲ့ဝင်တွေရဲ့ လေးစားမှုကိုရထားတာကြောင့် ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်အစောပိုင်းမှာ KIA ဒုတိယစစ်ဦးစီးချုပ်ရာထူးကနေ စစ်ဦးစီးချုပ်နေရာကို တိုးမြှင့်တာဝန်ပေးအပ်ခံထားရသူဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
NUG အစိုးရနဲ့ KIA တို့ပေါင်းပြီး စစ်ကောင်စီဆီက သိမ်းပိုက်ရထားတဲ့ ဘွမ်ရေဘွမ့်တပ်စခန်းကို KIA ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းနဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့အတူသွားရောက် ကြည့်ရှုခဲ့တဲ့ပုံတွေကို NUG က ပြီးခဲ့တဲ့ မတ်လထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားနေကြပါတယ်။
မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက " ဒီတော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နဲ့ လူထုအတွက် တာဝန်ကျေတယ်ဆိုတာထက် အများ အများကြီး ကျော်လွန်၊ ထမ်းဆောင်ခဲ့ပြီးပါပြီ" လို့ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း သေဆုံးတဲ့အပေါ် ဝမ်းနည်းကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းနေရာမှာ ဘယ်သူ့ကို အစားထိုးခန့်အပ်မလဲဆိုတာ မသိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။