ဖားကန့်မြို့နယ်အတွင်း KIA က ငွေကြေးကောက်ခံမှုတွေ ရှိနေ
2019.03.28
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က ခြိမ်းခြောက်ပြီး ငွေကြေးကောက်ခံတာတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIA အနေနဲ့ ဖားကန့်မြို့နယ်တွင်းမှာ ငွေကြေးကောက်ခံတာတွေဟာ အရင်ထဲက ရှိနေတာဖြစ်ပြီး အခုနောက်ပိုင်းမှာ မတရား ခြိမ်းခြောက်တောင်းဆိုတာတွေ ရှိလာတာဖြစ်ကြောင်း ဖားကန့်မြို့နယ် ဆိပ်မူဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ခု ၁ နှစ် ၊ ၂ နှစ်အတွင်းမှာက နည်းနည်း ပိုဆိုးလာတာပေါ့ ၊ ခြိမ်းခြောက်တာတို့ ဘာတို့ညာတို့၊ ညှိုနှိုင်းပြီး တင်ပြ ခွင့်တောင်မရဘဲနဲ့ အတင်းတောင်းတာမျိုးတို့ဆိုတာ ဒီ ၁ နှစ် ၂ နှစ်အတောအတွင်းမှာ ပြည်သူတွေရဲ့ ငြီးတွား သံတွေကတဆင့်ဖြစ်လာတာ၊ ကျနော်ကိုယ်တိုင်လည်း ကြုံရတာလေ၊ အရင်တုန်းကတော့ အဲလောက်ကြီး မဟုတ်ဘူး၊ အရင်တုန်းကဆိုရင် KIA က ၁ နှစ်စာပေးပြီးရင် ပြီးသွားပြီ၊ ဘယ်ရက်မှ ပေးစရာမလိုတော့ဘူး၊ တစ်နေရာပဲ ပေးရတာ၊ အခုဟာက နေရာပေါင်းများစွာက အဖွဲ့ပေါင်းများစွာက အဲဒါပေါ့နော် ဒီဟာမျိုးတွေ ရှိတယ်။ KIA ကနေပြီးတော့ မတရားသဖြင့် ပိုက်ဆံလည်းကောက်တယ်။ ဘယ်နေရာကိုလာခဲ့ဆိုပြီးတော့ ချိန်းတဲ့အခါသွားတယ်။ သွားတဲ့အခါမှာလည်း ပြန်မပြောနဲ့ ဈေးအရောင်းအဝယ်လုပ်တာ မဟုတ်ဘူး၊ တောင်း တာပေး၊ မပေးရင် ကချင်ပြည်နယ်မှာမနေနဲ့တို့ ။ ဆိုင်မဖွင့်နဲ့တို့"
KIA အနေနဲ့ ဖားကန့်မြို့မှာရှိတဲ့ ဆိုင်ခန်းတွေ၊ အိမ်၊ ဂိမ်းဆိုင်၊ အနှိပ်ခန်း၊ ရေမဆဲကျောက်ရှာသမား အစရှိတဲ့နေရာတွေမှာ ကောက်ခံနေတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဂွေခါ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့က တစ်သိန်းတောင်းတယ်။ ဒီကြားထဲ သူတို့လိုရင်လိုသလို လာတောင်းနေတာကြီးကိုး။ သူတို့နယ်မြေ ဆိုတော့ သူတို့ထင်သလို လုပ်နေတာပုံစံဆိုတော့ ဘယ်အတွက် ကောက်တာလဲ မေးပိုင်ခွင့်လည်း မေးပိုင်ခွင့် မရှိဘူးလေ။ အိမ်ကို ဆိုင်ကော ပစ်ချပြီး တခါတည်း ပြန်လို့ရတဲ့အဆင့်လည်းမဟုတ်တော့၊ သူတို့ နယ်မြေနေတော့ သူတို့ကိုလည်း ကြောက်နေရတာဆိုတော့ အဆင်မပြေလည်းပေး အဆင်ပြေလည်းပေးပေါ့။ စားစရာမရှိ လျော်စရာရှိပေါ့ ။ ခက်ခဲမှုရှိလည်း လက်နက်ကိုင်ဘက်ကနေ ကောက်တာဆိုတော့ လူမကြောက် လည်း လက်နက်ကြောက်တော့ ပေးရတာပါပဲ၊ ငွေမပေးပဲလည်း နေရဲတဲ့သူမရှိပါဘူးလေ"
KIA အနေနဲ့ ငွေကြေး ကောက်ခံတာဖြစ်တဲ့တွက် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေရဲ့ မြေပြိုကျပြီး ပြည်သူလူထုတွေ အန္တရာယ်တွေဖြစ်လာပြီဆိုရင် မျှမျှတတနဲ့ ကြားဝင်ဖြေရှင်းပေးတာတွေ လုပ်ပေးဖို့ကိုလည်း ဒေသခံတွေက လိုလားချက်တွေရှိပါတယ်။
ဒါ့အပြင် အောက်ခြေ အခြေခံလူတန်းစားတွေကို အခွန်ကင်းလွတ်ခွင့်ပေးတာတွေ နှစ်ဖက်ကျေနပ်တဲ့ နှုန်းထားတွေနဲ့ ကောက်ခံတာတွေဖြစ်စေချင်လို့ အမည်မဖော်လိုတဲ့ ဆိပ်မှုဒေသခံက တစ်ဦးက ပြောပါတယ်။
" KIA ကိုဖြစ်စေချင်တာကတော့ အခုလိုမျိုး ပြည်သူလူထုမှာ အန္တရာယ်တွေဖြစ်လာပြီ ၊ မြေပြိုတဲ့အန္တရာယ်တွေ၊ တခုခုကြောင့် ကုမ္ပဏီကြောင့် ဖြစ်လာပြီဆိုရင် မျှတမှုဖြစ်အောင် ကြားဝင်ပြီးတော့ ဖြေရှင်းတာမျိုးတွေ ဖြစ်စေ ချင်တယ်။ နောက်ငွေနဲ့ ပတ်သက်တဲ့ဟာဆိုလို့ရှိရင်လည်း အဖွဲ့အစည်းတစ်ခုက အခွန်ကောက်ရမှာကို လက်ခံတယ်။ ဒီ KIA ဆိုလို့ရှိရင်လည်း အစိုးရတစ်ရပ် တပ်မတော်တစ်ရပ်လို ဖွဲ့စည်းထားတာဖြစ်တာကြောင့် အခွန်ရှိဖို့ လိုအပ်တယ် ။ ဒါပေမဲ့ ကျန်တဲ့နေရာတွေက အခွန်တွေ သောက်သောက်လဲရတာလည်း သိတယ်။ သို့သော် အောက်ခြေမှာ တိုင်းရင်းသား ပြည်သူတွေနဲ့ ပတ်သက်လာရင် ကင်းလွတ်သင့်တာ ကင်းလွတ်ပေး သင့်တယ်။ ကောက်သင့်တာကိုလည်း စနစ်တကျနဲ့ နှစ်ဖက်အဆင်ပြေစေမယ့်နှုန်းထားတွေနဲ့ ကောက်သွား တာမျိုး ဖြစ်စေချင်ပါတယ်"
ဒီလို KIA က ငွေကြေးကောက်ခံနေတာတွေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးရှိတာကြောင့် မေးမြန်းခွင့်မရခဲ့ပါဘူး။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က KIA အဖွဲ့က ငွေကြေးကောက်ခံတာတွေရှိနေကြောင်း တိုင်ကြားချက်တွေ မရှိသေးကြောင်း ပြောပါတယ်။
"ကျနော်တို့ဆီတော့ ဘာသတင်းမှ မရောက်ဘူးဗျ၊ ဘာမှ အကြောင်းကြားတာ တင်ပြတာတော့မရှိဘူး"
ဒီကိစ္စနဲ့ ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူ ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိသေးပါဘူး။
KIA အဖွဲ့က ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။