အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ကြား စစ်ရှိန်လျော့ချရေးနဲ့ တပ်နေရာချထားရေး ကိစ္စတွေကို ဆွေးနွေးရာမှာ အစိုးရတပ်မတော်ဘက်က တနိုင်းမြို့နယ်က ကေအိုင်အေတပ်ရင်း ၁၄ ဌာနချုပ် အပါအဝင် တပ်စခန်းတွေကို ဖယ်ရှားပေးဖို့နဲ့ ရှမ်းပြည်နယ်အတွင်း အေအိုင်အေတပ်မဟာတွေ တည်ရှိနေတာကို အသိမှတ်မပြုကြောင်း ဆွေးနွေးခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။
တပ်နေရာချထားရေးကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့ အပေါ်ယံပြောယုံနဲ့မရဘဲ နည်းပညာအကြံပေးအဖွဲ့ နဲ့ နေရာချထားရေးအစီစဉ်တွေ ဆွဲဖို့လိုအပ်မယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ ကပြောပါတယ်။
"အပေါ်ယံပြောတာနဲ့တော့မရဘူးပေါ့။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးမယ်ဆိုရင်တော့ မပြေလည် မချင်းကတော့ ကိုယ့်နယ်မြေမှာ ကိုယ့်တပ်ထဲမှာ ကိုယ်ကနေရမယ်လေ။ ဘယ်လိုနေမယ်ဆိုတဲ့ ဒီကြား ကာလအစီစဉ်တွေလည်း တိတိကျကျ နည်းပညာအကြံပြုအဖွဲ့နဲ့ဆွဲရမယ်။ ပြောတာနဲ့ တခါတည်း ချက်ချင်းဖယ်ချပေးတာမျိုးတော့ ဒါမျိုးတော့ ရမယ်လို့ ကျနော်မထင်ပါဘူး။"
ကေအိုင်အေတပ်ရင်း ၁၄ ဌာနချုပ်နေရာဆိုတာဟာ လက်ရှိအစိုးရတပ်မတော်နဲ့ အေအိုင်အေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာဖြစ်ပြီး အစိုးရဘက်က အဲဒီနေရာမှာ ကေအိုင်အေအနေနဲ့ တရားမဝင် သယံဇာတတူးဖော်နေတယ်ဆိုတဲ့ အမြင်တွေရှိနေကြောင့် ဖယ်ရှားခိုင်းတာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်အတွင်းက ကေအိုင်အေရဲ့ တပ်မဟာ ၄ နဲ့ ၆ နေရာတွေဟာ အရင်က ကချင်လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်တွေ လက်နက်ချခဲ့ပြီး ဖြစ်တာကြောင့် အစိုးရဘက်က ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ မရှိတော့ဘူးဆိုတဲ့ အမြင်တွေရှိတဲ့အပြင် ရှမ်းပြည်နယ်ဖြစ်တာကြောင့် ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို မရှိစေချင်တဲ့ သဘောပါဝင်နိုင်တယ်လို့ ဒုတိယဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တာလီမြို့မှာ အစိုးရတပ်မတော်ဘက်က ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နဲ့ ကေအိုင်အိုရဲ့ ဗဟိုကော်မတီဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး ထပ်မံတွေ့ဆုံဖို့အတွက်လည်း သဘောတူညီ ထားပါတယ်။
အဲဒီတွေ့ဆုံပွဲဖြစ်မြောက်ဖို့အတွက် တရုတ်ပြည်သူသမ္မတနိုင်ငံ အာရှရေးရာအထူး သံတမန်က ကြားဝင်စေ့စပ်ပေး ခဲ့တာလို့ ကေအိုင်အေဘက်က ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပြီး နောက်ထပ် တွေ့ ဆုံမယ့်အစီအစဉ်နဲ့ ပတ်သက်လို့ ပြောကြားတာ မရှိသေးပါဘူး။