မြစ်ကြီးနားနဲ့ မိုးကောင်းက တပ်စခန်းတွေကို KIA ပစ်ခတ်တိုက်ခိုက်

ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (Photo: Kan Thar/ RFA)

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ မိုးကောင်းမြို့နယ်က တပ်မတော် ဌာနချုပ်နဲ့ တပ်စခန်းတွေကို ကေအိုင်အေ ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာဟာ ထိုးစစ်ဆင်တာမဟုတ်ဘဲ ရှေ့တန်း နည်းဗျူဟာအရ အနှောင့်အယှက်ပေးတာဖြစ်တယ်လို့ ဖြစ်တယ်လို့ KIA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ဒီနေ့ ပြောပါတယ်။

တပ်မတော်ဘက်က ကေအိုင်အေ တပ်စခန်းတွေကို ထိုးစစ်ဆင်တာကြောင့် တပ်မတော်ကို အနှောင့် အယှက် ပြန်ပေးတာဖြစ်တယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

"တပ်မတော်ဘက်ကနေ ကျနော်တို့ ကေအိုင်အေ တပ်စခန်းတွေကို ထိုးစစ်ဆင်တယ်ဆိုတော့ တဖက်ဖက်ကနေ ကျနော်တို့လည်း အနှောင့်အယှက်ပေးတဲ့ သဘောမျိုးနဲ့တော့ ကျနော်တို့လည်း အနည်းအကျဉ်းတော့ လုပ်ရမှာဖြစ်ပါတယ်။ အဲ့နေရာမှာလည်း သူတို့လည်း ပြန်လည်တုံ့ပြန်မယ် ဆိုရင်တော့ နှစ်ဖက်တိုက်ပွဲလည်း ဖြစ်နိုင်ပါတယ်။ နေရာတကာမှာ သူတို့လည်း ပစ်တာပါ"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၁ နာရီခန့်မှာ မိုးကောင်းမြို့က တပ်ဌာနချုပ်ကို KIA က လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့သလို ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်အစောပိုင်းကလည်း မိုးကောင်းမြို့က တပ်မတော် တပ်ရင်း ဌာနချုပ်ကို အင်အား ၁၅ ဦးခန့်က လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တာတွေရှိတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စု နန်ကျင်ကျေးရွာမှာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်စခန်းတွေကို ကေအိုင်အေ တပ်အင်အား ၅၀လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ တပ်မတော်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစိုးရ တပ်မတော်အနေနဲ့လည်း KIA ဌာနချုပ် လိုင်ဇာကို မကြာခဏ လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တာတွေ ရှိပြီး ဒါတွေဟာလည်း KIA ကို ခြိမ်းခြောက်တဲ့ အနေအထားမျိုးဖြစ်နေတယ်လို့ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ပြီး ကချင်ပြည်နယ်အတွင်း နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ KIA က တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာရှိပေမယ့် ဆွေးနွေးချက်တွေ အပေါ် သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။