မိုးမောက်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး ဖမ်းမိကြောင်း KIA ပြော

RFA Burmese
2024.04.06
မိုးမောက်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး ဖမ်းမိကြောင်း KIA ပြော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ကို ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။
Kachin News Group

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ စိန်လုံဗျူဟာကုန်းတပ်စခန်း တိုက်ခိုက်ခံရချိန် ထွက်ပြေးသွားတဲ့အထဲက ဗျူဟာမှူးအပါအဝင် ၁၆ ဦးကို ဧပြီလ ၆ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြောပါတယ်။

တပ်ဆုတ်လာချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရမိခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“ဒီမနက် သုံးနာရီနဲ့ ကိုးနာရီကြားပေါ့။ ကျောက်စခန်းနဲ့ မိုးမောက်ကြားမှာ ကြားဖြတ်တိုက်ခိုက်တာ။ စစ်သုံ့ပန်း ၁၆ ဦးနဲ့အတူ သေနတ်၊ ကျည်ဆန် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်”

ဖမ်းဆီးရမိသူတွေကို လတ်တလော ထိန်းသိမ်းထားပြီး စစ်သုံ့ပန်းဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဧပြီလ ၅ ရက်နေ့ မနေ့ကလည်း မံစီမြို့နယ်မှာရှိတဲ့ ဟန်ထက် စစ်ကောင်စီတပ်စခန်းကို (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ (KIA) ဘက်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မတ်လ ၇ ရက်နေ့ကစပြီး လိုင်ဇာမြို့အနီးတစ်ဝိုက်နဲ့ မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိတပ်စခန်းပေါင်း ခုနစ်ဆယ်နီးပါးကို သိမ်းယူထားတယ်လို့ KIA က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။