ဖားကန့်မြို့ ဆယ်ဇင်းရွာအနီးမှာ KIA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာနားမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင်လ ၁၇ ရက် ဒီနေ့ မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ ဆယ်ဇင်းဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၆ ရက် မနေ့မနက် ၇ နာရီလောက်က စတင်ပြီး ဖားကန့်ဘက်က ဆင်းလာတဲ့ စစ်ကြောင်းကို KIA က ဆယ်ဇင်းရွာနားမှာ တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့အထိ တိုက်ပွဲဆက် ပြင်းထန်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က မနက်ကကတည်းကဖြစ်တာ အခုထိ ဖြစ်နေသေးတယ်။ ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်လာပစ်တယ်။ ဒုတိယအကြိမ် ပစ်တဲ့အချိန်မှာ ရွာက နေအိမ်တစ်အိမ် ပျက်စီး သွားတယ်။ ဒေသခံတွေ ထိတာတော့ မရှိဘူး။ လေယာဉ်လာတဲ့အချိန် အားလုံးရှောင်နေ ကြတော့။ တိုက်ပွဲက ဆယ်ဇင်းရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ရွာပြင်မှာဖြစ်နေတယ်။ ဆယ်ဇင်းရွာက စစ်ကောင်စီ တပ်စခန်းကိုလည်း အခုပစ်နေတယ်”
လက်ရှိမှာလည်း ဆယ်ဇင်းရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA က ဆက်တိုက် နေတယ်လို့လည်း ဒေသခံက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အယောက် ၃၀ လောက် သေဆုံးသွားတယ် လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ KIA သတင်းနဲ့ပြန်ကြား ရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် ညနေပိုင်းအထိ ဆက်သွယ်လို့မရပါဘူး။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က KIA တပ်ရင်း (၃) နားမှာလည်း ဇူလိုင်လ ၁၆ ရက် မနေ့ကအထိ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့မှာလည်း စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။