တိုက်ပွဲတွေ များပြားလာနိုင်ဟု KIA ပြောကြား
2018.04.27

ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်အကြား တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာနိုင်တယ် လို့ KIA ပြောခွင့်ရသူတစ်ဦးက ရိုက်တာသတင်းဌာနကို သောကြာနေ့မှာ ပြောကြားပါတယ်။
မြန်မာတပ်မတော်က စစ်သည်အရေအတွက် ၂ဝဝဝ ခန့်ကို စေလွှတ်ထားပြီး တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေ အကူအညီနဲ့ တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။ နောက်ထပ် စစ်ကူတွေလည်း မြန်မာပြည်မကနေ စေလွှတ်နေတဲ့အတွက် တိုက်ပွဲတွေကျယ်ပြန့်လာတာနဲ့အမျှ စစ်ပြေးဒုက္ခသည်တွေ ပိုမိုများပြားလာမှာဖြစ်တယ်လို့ ကေအိုင်အေ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အဲဒီ တိုက်ပွဲတွေကြောင့် အခု ဧပြီလအတွင်း ဒေသခံပြည်သူ ၄ဝဝဝ ကျော် မူလနေရပ်တွေကနေ ထွက်ပြေးခဲ့ရပြီးပြီ လို့ လူမှုဝန်ထမ်းအဖွဲ့တစ်ခုက ပြောကြားပါတယ်။
ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် တစ်ဦးကလည်း တိုက်ပွဲတွေကြောင့် အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီး ရွယ်အိုတွေ ထွက်ပြေးနေကြရတယ်၊ တိုက်ခိုက်မှုတွေရပ်စဲမယ့် အရိပ်လက္ခဏာလည်း မတွေ့ရဘူးလို့ ပြောပါတယ်။