ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံ သုံးထောင်ခန့် ထွက်ပြေးနေရ
တဲစုကျေးရွာအပြင် သရက်ကုန်း၊ ကင်းပြစ်၊ ရှင်မင်းဒွေ စတဲ့ကျေးရွာတွေမှာ နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေအပါ ဒေသခံ သုံးထောင်ခန့် ထွက်ပြေးနေရပါတယ်။
-
RFA Burmese
2025-01-18 -
-
-
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက တဲစုကျေးရွာကို ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် နေအိမ်ရှစ်လုံး မီးရှို့ဖျက်ဆီးကာ ဒေသခံ သုံးထောင်ခန့်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။
တဲစုကျေးရွာအပြင် သရက်ကုန်း၊ ကင်းပြစ်၊ ရှင်မင်းဒွေ စတဲ့ကျေးရွာတွေမှာ နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ဒေသခံပြည်သူ သုံးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အင်အား ငါးဆယ်ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ကာ တဲစုရွာမှာ အလှူကျင်းပနေတဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာလို့ ရေဦးအခြေစိုက် (People’s Defense Comrade) အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။
"အလှူပွဲလုပ်မယ်ဆိုတဲ့သတင်းကိုကြားပြီး ရွာထဲကရှင်ပြုအလှူပွဲအခမ်းအနားကို သက်သက်လာရောက် ဖျက်ဆီး သွားတာမျိုးပါ။ တော်လှန်ရေးရဲဘော်တွေ အလှူပွဲမှာရှိနိုင်တယ်ဆိုတဲ့ အထင်နဲ့ပေါ့၊ တခြားဘယ်ရွာကိုမှဝင်ပြီး ဖျက်ဆီးသွားတာမျိုးလည်း မရှိဘူး၊ ဒီတဲစုရွာကိုပဲ စစ်ကြောင်းထိုး ဖျက်ဆီးသွားတယ်၊ အလှူပွဲလည်း ပျက်သွား တယ်။ နေအိမ်ရှစ်လုံးလည်း မီးရှို့ဖျက်ဆီးသွားတယ်။ အနီးအနားရွာတွေက ပြည်သူတွေအပါအဝင်ဆို ဒေသခံ ပြည်သူ နှစ်ထောင်ကျော်၊ သုံးထောင်နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကြားတယ်"
တဲစုကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ စစ်ကောင်စီတပ်စခန်းတွေ အထိုင်ချထား တဲ့ ပျဉ်းထောင်ရွာကို စစ်ကြောင်း ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။ ရွာကနေ စစ်ကြောင်းပြန်ထွက်သွားပေမဲ့ လုံခြုံရေးအခြေအနေကြောင့် နေအိမ်တွေကို မပြန်ရဲသေးဘဲ အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းက စစ်ကောင်စီပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။