ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် စက်တင်ဘာလ ၂၁ ရက် ဒီနေ့မနက် အစောပိုင်းကစလို့ ရွာပေါင်း ၁၀ ကျော်က ဒေသခံ တစ်သောင်းကျော်ခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်းက ရွာတွေဘက်ကို ဒီနေ့မနက် ၁ နာရီခွဲလောက်ကတည်းက စစ်ကြောင်းဝင်လာတာကြောင့် မိုးမလင်းခင်ကတည်းက အညာသီဟတော၊ ရွှေမင်းဂံ၊ သင်ပေါင်း၊ ကဘွတ်၊ ကုတ္တတ်၊ ရုံးပင် စတဲ့ရွာတွေက အိမ်ထောင်စု နှစ်ထောင်ကျော်ခန့် ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ရုံးပင်ရွာထဲမှာ စစ်ကြောင်းဝင်နေပြီး ဒေသခံ နှစ်ဦး အဖမ်းခံထားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနက်အစောကြီး မိုးမလင်ခင်ကတည်းက လှည်းတွေနဲ့ အကုန်ထွက်ပြေးနေရတာ။ ကလေးတွေရော၊ အသက်ကြီးတဲ့သူတွေရော အကုန်ဒုက္ခရောက်ကြတယ်။ အခုမနက် သူတို့ ရုံးပင်ကိုဝင်နေပြီ။ နှစ်ယောက် အဖမ်းခံထားရတယ်လို့ ကြားတယ်"
ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းမှာလည်း နောက်ထပ် စစ်ကြောင်းတစ်ကြောင်း ထိုးနေပြီး ရွာသစ်၊ မူးသာ၊ သက်ပေး အစရှိတဲ့ရွာတွေက ဒေသခံ ၃၅၀၀ လောက် ထွက်ပြေးနေရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ ဒီမနက်မှာ ရွာသစ်ရွာကို စစ်ကြောင်းဝင်နေပြီး ပြည်သူ သုံးဦး အဖမ်းခံထားရတယ်လို့ ဆိုပါတယ်။
အခု စစ်ကြောင်းထိုးနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ခင်ဦးမြို့နယ်မှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တာကြောင့် လက်ရှိမှာ အင်အား အလုံးအရင်းနဲ့ ရွာတွေကို ဝင်ရောက်စီးနင်းနေတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။