စက်မှုဝန်ကြီး ဦးခင်မောင်ချို ကို တာဝန်ကနေ ရပ်ဆိုင်းဖို့ရှိ

စက်မှုဝန်ကြီး ဦးခင်မောင်ချို ကို တွေ့ရစဉ်
စက်မှုဝန်ကြီး ဦးခင်မောင်ချို ကို တွေ့ရစဉ် (Photo: MOI)

စက်မှုဝန်ကြီး ဦးခင်မောင်ချို ကို အဂတိလိုက်စားမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ရှိနေပြီး မကြာခင် တာဝန်ကနေ ရပ်ဆိုင်းဖို့ ရှိတယ်လို့ အမည်မဖော်လိုတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။

ဝန်ကြီး ဦးခင်မောင်ချိုဟာ လူနာတင်ယာဉ်တွေအတွက် လိုအပ်တာတွေ ဝယ်ယူတာ၊ BPI စက်ရုံအတွက် ဆေးဝါး ကုန်ကြမ်းဝယ်တာတွေမှာ အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုတဲ့ တိုင်ကြားချက်တွေ ရှိတယ်လို့ ကြားသိထားကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖံ့ွဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီတိုင်စာဟာ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖံ့ွဖြိုးတိုးတက်ရေးကော်မတီထံ ရောက်ရှိလာ တာမဟုတ်ဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုက်ရိုက် တိုင်ကြားတာဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

တဆက်တည်းမှာပဲ တာဝန်ကနေ အနားပေးဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပြီး မကြာခင် ကြေညာနိုင်တယ်လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ပတ်သက်လို့တော့ လွှတ်တော်ရဲ့ ကော်မတီတခုထံ တိုင်စာ ရောက်ရှိခဲ့ရာမှာ ကော်မတီကတဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ပေးပို့မှုကြောင့် ကော်မရှင်က စစ်ဆေးနေပြီလို့လည်း သိရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့က ပြောရေးဆိုခွင့်ရှိသူတွေထံ RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။