အသိပညာပေးပွဲဆိုပြီး မဲဆွယ် စည်းရုံးမှု မလုပ်သင့်ကြောင်း ဦးခင်အောင်မြင့် ပြော
2015.10.21

ရွေးကောက်ပွဲကော်မရှင်ထံ ခွင့်ပြုချက် မတင်ဘဲ မိမိတို့နိုင်စေချင်တဲ့ ပါတီအတွက် ရွေးကောက်ပွဲ အသိ ပညာပေးဟောပြောပွဲဆိုပြီး မဲဆွယ်စည်းရုံးတာတွေ မလုပ်သင့်ကြောင်း ရမည်းသင်းနဲ့ ပျော်ဘွယ် မဲဆန္ဒနယ်တွေ ကနေ အမျိုးသားလွှတ်တော်နေရာ အတွက် ယှဉ်ပြိုင်မယ့် လက်ရှိအမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ပြောပါတယ်။
ဒီကနေ့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မြို့လှတိုက်နယ်ကျေးရွာမှာ မဲဆွယ်စည်းရုံးစဉ် ပြောကြားလိုက် တာဖြစ်ပါတယ်။
"အခုလိုကျနော်တို့ လာရောက်ဟောပြောတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက်တင်ရပါတယ်၊ ဒီနေ့၊ ဒီချိန်မှာကျနော် တို့ ဟောပြောပွဲလုပ်မယ်၊ ခွင့်ပြုသည် ဆိုမှဟောလို့ရတယ်၊ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားခြင်းမရှိဘဲနဲ့ လူထုကို လက်တစ်လုံးခြား ရွေးကောက်ပွဲပညာပေး ဟောပြောပွဲဆိုပြီးမှ မိမိတို့ နိုင်စေ ချင်တဲ့ ပါတီဘက်က မဲဆွယ်စည်းရုံးတာ တရားမဝင်ဘူး"
ဦးခင်အောင်မြင့်က သူ့အနေနဲ့ မဲဆွယ်စည်းရုံးတာ မဟုတ်ကြောင်း စည်းရုံးတယ်ဆိုတဲ့ စကားလုံးကို မကြိုက်ကြောင်း၊ မဲဆန္ဒရှင်တွေ အနေနဲ့ မိမိတို့ ကြိုက်နှစ်သက်တဲ့ တိုင်းကျိုး ပြည်ကျိုးအတွက် အလုပ်လုပ်ကြမယ့် ကိုယ်စားလှယ်တွေကို မဲပေးကြဖို့ ကိုလည်း ပြောပါတယ်။
ဦးခင်အောင်မြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း အမျိုးသားလွှတ်တော်အတွက် အဲဒီမဲဆန္ဒ နယ်တွေက ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီကနေ့ ဦးခင်အောင်မြင့်ရဲ့ မဲဆွယ်စည်းရုံးပွဲကို ပြည်ခိုင်ဖြိုးပါတီဝင်တွေ နဲ့ ဒေသခံ နှစ်ထောင်နီးပါးလောက် တက်ရောက်ပါတယ်။
ဦးခင်အောင်မြင့်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။