ခင်ဦးမှာ စစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားငါးဦး ဖမ်းဆီးခံရ
2023.07.28

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ပေကုန်းနဲ့ သရက်ကန်ရွာက အရပ်သားငါးဦးကို ဇူလိုင်လ ၂၇ ရက် မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သရက်ကန်ရွာကနေ အင်အား ၁၇၀ ကျော်နဲ့ ခြေကျင်ထွက်လာတဲ့ ခမရ-၇၀၂ နဲ့ ၇၀၈ စစ်ကြောင်းက ပေကုန်းရွာအနီးမှာ ပျိုးနုတ်နေတဲ့ အသက် ၂၀ နဲ့ ၅၀ ကြားရှိတဲ့ ပေကုန်းရွာသား ကိုအောင်မျိုးခန့်၊ ကိုချစ်သဲမောင်၊ ကိုချစ်နန်းဦး၊ ဦးညိုဝင်းနဲ့ သရက်ကန်ရွာသား ဦးဌေးဝင်းတို့ ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လယ်ကွင်းထဲ ပျိုးနုတ်နေတဲ့အချိန် စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတာပေါ့၊ ဒီနေ့ထိတော့ ပြန်မလွတ်ကြသေးဘူး။ လူသားဒိုင်းပုံစံမျိုး အဖမ်းခံရတာ”
အဲဒီစစ်ကြောင်းဟာ ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာလည်း ပေကုန်းရွာက ဒေသခံတွေပိုင်ဆိုင်တဲ့ ဆိတ်အကောင် ၉၀ နဲ့ နွားသုံးကောင်ကို ဖမ်းဆီးပြီး စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ အထိုင်ချထားတဲ့ မဒေါင်းလှရွာကို သယ်ဆောင်သွားတယ်လို့ သူက ဆိုပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့ကလည်း မဒေါင်းလှရွာက ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ပေါက်တောရွာက ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီစစ်ကြောင်းကြောင့် သရက်ကန်၊ ပေကုန်း၊ ပေါက်တော အပါအဝင် အနီးတစ်ဝိုက် ရွာတွေက ဒေသခံ ငါးထောင်ထက်မနည်း ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၇၆ ရွာက နေအိမ်ပေါင်း ခြောက်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခံထားရပြီး အရပ်သား သုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။