ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး တိုက်ခိုက်ခံရ
2023.04.15

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကို ခရမ်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဧပြီလ ၁၄ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
လ၀ကရုံးရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ကိုနေပိုင်နဲ့ ကို၀ဏ္ဏတို့ သေဆုံးပြီး လ၀ကရုံးဝန်ထမ်း သုံးဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဒီပစ်ခတ်မှုကို သူတို့အဖွဲ့က လုပ်ခဲ့တာဖြစ်ပြီး သေနတ် နှစ်လက်ပါ သိမ်းယူနိုင်ခဲ့တယ်လို့ ဧပြီလ ၁၄ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေကို အမျိုးမျိုးအနိုင်ကျင့် နှိပ်စက်နေတာကြောင့် အခုလိုတိုက်ခိုက်တာလို့ ခရမ်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။
လ၀ကရုံးတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အတည်ပြု ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
ဧပြီလ ၁၅ ရက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခရမ်းတစ်မြို့နယ်လုံးကို ပိတ်ဆို့ထားပြီး တချို့နေရာတွေမှာ ဘက်ထရီစက်ဘီးတောင် စီးခွင့်မပေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ခရမ်းမြို့နယ်မှာ အချိန်၊ နေရာမရွေး တိုက်ပွဲဖြစ်နိုင်တာကြောင့် ပြည်သူတွေ အသွားအလာဂရုစိုက်ကြဖို့ ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဧပြီလ ၁၄ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။