ကွတ်ခိုင်စစ်ရှောင်တွေရဲ့ ခရစ်စမတ်


2019.12.14
kbc1-refugees-camp-kutkai-622 ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်က ကချင်နှစ်ချင်းအသင်းတော်ကျောင်း KBC 1 ဒုက္ခသည်စခန်းကို ရောက်နေသူတွေ ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နေ့ ကျင်းပတဲ့ ခရစ်စမတ်ပွဲတော်နဲ့ နေရပ်စွန့်ခွာခြင်း ခုနှစ်နှစ်ပြည့် အခမ်းအနားမှာ ဆုတောင်းသီချင်းသီဆိုနေကြစဥ်
ဓါတ်ပုံ - ကံသာ/ RFA

ဒုက္ခသည်တွေဟာ ကွတ်ခိုင်မြို့နယ် နမ့်ဟူးကျေးရွာအုပ်စု၊ ကျိန်းမွန်ကျေးရွာအုပ်စုတွေက ဖြစ်ပါတယ်။

၂၀၁၂ ဒီဇင်ဘာမှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့အပြင် ဒေသတွင်းက အထူးပြည်သူ့စစ်တပ်ဖွဲ့တွေအကြား တိုက်ပွဲကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့ပြီးနောက်မှာ ကွတ်ခိုင်မြို့ပေါ် တိမ်းရှောင်လာကြတာပါ။

လာမယ့် ဒီဇင်ဘာ ၂၄ ရက်ဆိုရင် သူတို့  ဒီဒုက္ခသည်စခန်းကိုရောက်တာ ခုနှစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

သူတို့က ယာယီပဲဆိုပြီး ထွက်လာကြတာဖြစ်ပေမယ့် လက်ရှိအချိန်အထိ ဒေသအတွင်း နယ်မြေ မတည်ငြိမ်မှုတွေ ကြောင့် နေရပ်ပြန်လို့မရသေးဘဲ စေတနာရှင်တွေ NGO အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ကွတ်ခိုင်မြို့က စစ်ဘေးရှောင်စခန်းတွေမှာပဲ ခိုလှုံနေခဲ့ကြရတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

လက်ရှိ KBC1 ဒုက္ခသည်စခန်းမှာ လူဦးရေ သုံးရာကျော်ရှိပါတယ်။ ၂၀၁၂ ခုနှစ် ထွက်ပြေးလာချိန်ကနေ ခုနှစ်နှစ်တာကာလအတွင်းမှာ သေဆုံးခဲ့သူ ဆယ်ဦးရှိပြီး မွေးဖွားခဲ့တဲ့သူကတော့ နှစ်ဆယ်ကျော်ရှိတယ်လို့ သင်းအုပ်ဆရာလုံးကျိန်က ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ကာလအတွင်းမှာ ကချင်၊ ပလောင်၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေ ထောင်နဲ့ချီ နေရပ်စွန့်ခွာခဲ့ရတာ ဖြစ်ပြီး ရှမ်းတိုင်းရင်းသားတွေကတော့ နေရပ်ပြန်သွားကြပေမယ့် ပလောင်နဲ့ကချင် တိုင်းရင်းသားတွေကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။

အဲဒီထဲမှာ ကချင်တိုင်းရင်းသားတွေက အများဆုံးဖြစ်ပြီး လက်ရှိမှာ ကွတ်ခိုင် KBC1 ကွတ်ခိုင်ကာလိုင်ကျေးရွာနဲ့ နမ့်ဖတ်ကာ ကျေးရွာဖက်ကို ထွက်ပြေးကြရသူတွေရှိခဲ့တယ်လို့ စစ်ရှောင်ကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ နယ်မြေမအေးချမ်းမှုတွေကြောင့် စစ်ရှောင်တွေ နေရပ်ပြန်ဖို့ကတော့ ခက်ခဲနေဆဲပဲလို့ ကွတ်ခိုင်ဇုံနယ် သင်းအုပ်ဆရာ ဦးအမ်ဇော်မန် က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ၂၀၁၂ နောက်ပိုင်း ကွတ်ခိုင်မြို့တစ်ဝိုက် တပ်မတော်နဲ့ တိုင်းရင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့သလို ၂၀၁၅ နောက်ပိုင်းမှာဆို တိုက်ပွဲတွေဟာ စစ်မြေပြင် ကျယ်ပြန့်လာပြီး ရှမ်းမြောက်ဒေသ နေရာအတော်များများမှာ ဖြစ်ပွားလာခဲ့ပါတယ်။

အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းဒေသ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲမြို့နယ်တွေအတွင်း တပ်မတော်နဲ့ TNLA၊ SSPP/RCSS တပ်ဖွဲ့တွေ တိုက်ပွဲကြောင့် ဒေသခံတွေ မကြာခဏ နေရပ်စွန့်ခွာခဲ့ရသလို ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တွေအတွင်းမှာ တပ်မတော် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့တွေ တိုက်ပွဲကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာခဲ့ရပါတယ်။

၂၀၁၂ နဲ့  ၂၀၁၅တိုက်ပွဲတွေကြောင့် ရှမ်းမြောက်ဒေသနဲ့ မန်ဝိန်းကြီးနယ်တွေမှာ ဒုက္ခသည်စခန်းပေါင်း သုံးဆယ်ကျော်ရှိနေပြီး စစ်ရှောင်နေရသူဦးရေ တစ်သောင်းခြောက်ထောင်လောက် အထိရှိနေတယ်လို့ ရှမ်းမြောက်ဒေသ စစ်ဘေးရှောင် ကော်မတီစာရင်းတွေမှာ ဖော်ပြထားပါတယ်။

အများစုကတော့ နေရပ်ပြန်ချင်နေကြပြီဖြစ်ပေမယ့် တချို့ကဒေသအတွင်း နယ်မြေမအေးချမ်းမှုတွေနဲ့ မိုင်းအန္တရာယ်တွေကြောင့် နေရပ် မပြန်ရဲကြသေးပါဘူး။ လတ်တလောမှာတော့ စစ်ရှောင်တွေအတွက် အကူအညီတွေ နည်းလာနေပါတယ်။ ဆောင်းတွင်းကာလ ဖြစ်တဲ့အတွက်လည်း စစ်ရှောင်စခန်းတွေအတွင်း စောင်နဲ့အနွေးထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ကျင်းပတဲ့ စစ်ရှောင်တွေရဲ့ ခရစ်စမတ် ဆုတောင်းခြင်းနဲ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားမှာ စစ်ရှောင်ကာလအတွင်း အခက်အခဲတွေ ကြားရှင်သန်ခွင့်ရဖို့ ကောင်းကြီးပေးခဲ့တဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းခဲ့သလို ခုနှစ်တာကာလမှာ အကူအညီပေးခဲ့သူတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။