လက်နက်ကြီးကြောင့် ဖရူဆိုက စစ်ဘေးဒုက္ခသည် ကလေးငယ် သေဆုံး

RFA Burmese
2023.10.08
လက်နက်ကြီးကြောင့် ဖရူဆိုက စစ်ဘေးဒုက္ခသည် ကလေးငယ် သေဆုံး ဖရူဆိုမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် နေအိမ်တချို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Karenni Nationalities Defense Force - KNDF/ B-15

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အောက်တိုဘာလ ၇ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၅ က ထုတ်ပြန်ပါတယ်။

အသက်ရှစ်နှစ်အရွယ် စစ်ဘေးဒုက္ခသည် ကလေးငယ်ဟာ လက်နက်ကြီးကျည်စတွေ ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တာပါ။

တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးကျည် လေးလုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖရူဆို အခြေစိုက် အမှတ်-၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းက ပစ်လိုက်တာ။ လေးလုံးပစ်တာမှာ နှစ်လုံးက ရွာကိုကျပြီး ပေါက်ကွဲတာ။ ပေါက်ကွဲတဲ့ အပိုင်းအစထိမှန်ပြီး ကလေးကတော့ နေရာမှာတင်ဆုံးတယ်။ အိမ်တွေကတော့ အမိုးအကာတွေ ပွင့်ထွက်သွားပါတယ်"

လုံခြုံရေးအခြေအနေကြောင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ ရွာနာမည်နဲ့ သေဆုံးသူရဲ့ အသေးစိတ် အချက်အလက်တွေကို သူက ထုတ်မပြောပါဘူး။

အဲဒီကျေးရွာမှာ စစ်ဘေးဒုက္ခသည် ၁၀၀ ကျော် နေထိုင်နေတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ဦးမြင့်ကြည်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နဂိုကတည်းက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ ဒုက္ခသည်စခန်းတွေမှာလည်း စိုးရိမ် ထိတ်လန့်မှုတွေနဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၄၉၁ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက အောက်တိုဘာလ၄ ရက်မှာ ပြောဆိုခဲ့ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။