ကယားပြည်နယ်တစ်ခုလုံး မီးလင်းတော့မယ်လို့ ဝန်ကြီး ချုပ်ပြောကြား


2015.01.21
lawpita-hydropower-620.jpg ကယားပြည်နယ်မှ အမှတ် (၃) လောပိတ ရေအားလျှပ်စစ်စက်ရုံကို တွေ့ရစဉ်။
Photo: Nay Thwae/ RFA

ပြည်နယ်တစ်ခုလုံးကို လာမယ့် ၂၀၁၆ ခုနှစ်မှာ လျှပ်စစ် ဓါတ်အားပေးနိုင်တော့မယ်လို့ ကယားပြည်နယ် ဝန်ကြီး ချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။

အဲ့ဒီရေအားလျှပ်စစ်စက်ရုံကနေ ပြည်နယ်အတွက် ရရှိမယ့် လျှပ်စစ်ဓါတ်အားတွေကို ခွဲတမ်းချပြီး ပြည်နယ် တစ်ခုလုံးမီးလင်းရေးအတွက် စီစဉ်ထားတယ်လို့ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက RFA ကို ပြောပါတယ်။

"အမှတ် ၃ လျှပ်စစ် စက်ရုံက ကျနော်တို့ဒီအစိုးရ တာဝန်မယူခင်က ဆောက်ခဲ့တဲ့ စက်ရုံပေါ့နော်၊ ၅ နှစ်ကာလဖြင့် သက်တမ်းကြာတယ်၊ အခုပြီးသွားပြီ၊ ပြီးသွားတဲ့အတွက်ကြောင့် ဒီစက်ရုံကို တရားဝင် ဖွင့်တော့မယ်၊ ဖွင့်တဲ့အတွက်ကြောင့် ကျနော်တို့ ကယားပြည်မှာ သင့်တင့် တဲ့လျှပ်စစ် ခွဲတမ်း ၁ ခုထပ်ရတယ်၊ ထပ်ရရင် တစ်ပြည်နယ်လုံး မီးရရှိရေးကို ကျနော် စီမံကိန်းတိုင်း ဆောင်ရွက်နေတယ်၊ ၂၀၁၆ မှာ တစ်ပြည်နယ် လုံး မီးလင်းဖို့ကျနော် စီမံကိန်းချထားတယ်"

အမှတ် (၃) လောပိတရေအားလျှပ်စစ်စက်ရုံကို အရင်အစိုးရလက်ထက်က Future Energy Co.Ltd နဲ့ သဘောတူစာ ချုပ်ချုပ်ဆိုပြီး ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစက်ရုံကနေ ကယားပြည်နယ်အတွက်ရရှိမယ့် လျှပ်စစ်ဓါတ်အားပမာဏကို ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာ ထားတာ မရှိသေးပါဘူး။

ဒီလကုန်မှာ အဲဒီစက်ရုံကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ အမှတ် (၁) နဲ့ အမှတ် (၂) လောပိတ ရေအားလျှပ်စစ်စက်ရုံတွေကနေ လျှပ်စစ်မဂ္ဂါဝပ် ၂၀၀ နီးပါးစီ ထုတ်လုပ်နေပြီး ပြည်နယ်အတွက် ၁၀ မဂ္ဂါဝပ်ကိုသာ သုံးစွဲခွင့်ရရှိတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။