လက်နက်ကြီးပစ်ခတ်မှု ကိစ္စ ဆွေးနွေးပြီးဖြစ်ကြောင်း ကယားဝန်ကြီးချုပ် ပြောကြား


2015.01.15
kayah-state-day-305.jpg ဇန်နဝါရီလ ၁၅ ရက်နေ့က ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့မှာကျင်းပစဉ်
Photo: Nay Thwae/RFA

ဒီမောဆိုမြို့နယ် ဒေါတမကြီးကျေးရွာမှာ အမှတ် ၁၄ တန်းမြင့် သင်တန်းကျောင်းက လက်နက်ကြီး စမ်းသပ် ပစ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေ တာကို စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ညှိနှိုင်းဆွေးနွေးပြီးဖြစ်တယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံမှာကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီ့အခမ်းအနားမှာ ဝန်ကြီးချုပ်က လူထုအနေနဲ့ စိုးရိမ်မှုတွေမရှိကြဖို့ အခုလို ပြောဆိုခဲ့တာပါ။

"ကျနော်တို့ သက်ဆိုင်ရာတပ်နဲ့ ညှိနှိုင်းပြီးဖြစ်ပါတယ်၊ တပ်ကလည်း တပ်ရဲ့သဘောနဲ့ လေ့ကျင့်မှုဆောင်ရွက်သလိုပေါ့နော်၊ ပြည်သူကလည်း ပြည်သူ့ဖက်က ဒီလိုရှိတယ်ပေါ့နော်၊ အစိုးရဖြစ်သည်နဲ့အညီ ပြည်သူများ တင်ပြချက်များကို တပ်မတော်ကိုလည်း တင်ပြပြီးတော့ ဆွေးနွေးနေပါတယ်"

ပြည်နယ်နေ့ အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကယန်းပြည်သစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) က ကိုယ်စားလှယ်တွေနဲ့ ဒေသခံ ၂၀၀၀ လောက် တက်ရောက် ခဲ့ပါတယ်။

အစိုးရစစ်တပ်က ဒေသခံတွေကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဒေါတမကြီးကျေးရွာအနီးမှာ စစ်ရေးလေ့ကျင့် ခဲ့သလို လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀ ကျော်က ကန့်ကွက်ခဲ့ကြပါတယ်။

ဒါ့အပြင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကလည်း ကယားပြည်နယ်အစိုးရ အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံကို ကန့်ကွက်စာပေးပို့ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။