အရပ်ဖက်လူမှုအဖွဲ့တွေ ဆွေးနွေးပွဲလုပ်ရင် ကြိုတင်ခွင့်ပြုချက်တင်ဖို့ ညွှန်ကြား
2018.09.01

ကယားပြည်နယ်က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ ပြုလုပ်မယ်ဆိုရင် ၁၅ ရက်ကြိုပြီး အစိုးရကို တင်ပြဖို့ ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားချက် ထုတ်လိုက်တယ်လို့ သိရပါတယ်။
သြဂုတ်လ ၃၁ ရက် မနေ့က ရက်စွဲနဲ့ ညွှန်ကြားချက်ဖြစ်ပြီး ဒီနေ့မှာ လူမှုကွန်ရက် စာမျက်နှာတွေကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကယားပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုဖြစ်တဲ့ LAIN နည်းပညာ အထောက်အကူပြုအဖွဲ့က ခွန်းအသန်း က RFA ကို အခုလို ပြောပါတယ်။
"ဟုတ်တယ်၊ ကျနော်လည်း ခုနမှတွေ့နေတာ၊ ခုအွန်လိုင်းမှာ ပြန့်နေတယ်ဗျ၊ အဖွဲ့တိုင်းကို ပို့နေတဲ့ သဘော ရှိပါတယ်ဗျ၊ ဘာသာရေးတွေရော အရပ်ဖက်အဖွဲ့အစည်းတွေရော၊ ကျနော်တို့ ရုံးကိုတော့ တရားဝင် မရောက်သေးဘူးဗျ၊ ဒီနေ့ စနေ ရုံးပိတ်ရက်ဆိုတော့လေ၊ ထွက်တာတော့ တကယ်ပဲ၊ Confirm လုပ်လို့ရတယ်၊ ကျနော်တို့ သိတဲ့ အဖွဲ့အစည်း တော်တော်များများဆီကိုတော့ ရောက်တယ်၊ အထူးသဖြင့် ဘာသာရေးအဖွဲ့ တွေကတော့ သူတို့ပို့လာတဲ့ နာမည်နဲ့ ပို့စ်တင်ထားတာ ကျနော်တွေ့တယ်"
ဆွေးနွေးပွဲပြီးသွားရင်လည်း ဆွေးနွေးပွဲရလဒ် အကျဉ်းချုပ်အစီရင်ခံစာနဲ့ သုံးသပ်ချက်ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးတွေဆီ တင်ပြဖို့ဆိုပြီးလည်း ညွှန်ကြားချက်မှာ ပါရှိပါတယ်။
အစိုးရသစ်လက်ထက်မှာ အခုလို အရပ်ဖက်အဖွဲ့တွေ လိုက်နာရမယ့် အချက်တွေကို ထုတ်ပြန်တာ ၄ ကြိမ် လောက် ရှိပြီဖြစ်သလို ဒီတစ်ကြိမ်ကတော့ ပိုတင်းကျပ်လာတာ ဖြစ်တယ်လို့လည်း ခွန်းအသန်း က ပြောပါတယ်။
ဒါ့အပြင် တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာပွဲတော်တွေလုပ်မယ်ဆိုရင် ဗမာသဘင်ကောင်စီရဲ့ ထောက်ခံချက်ပါမှ ခွင့်ပြုမယ်ဆိုပြီး တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကော်မတီတွေကို ထူးခြားတဲ့ ညွှန်ကြားချက်တစ်ခု ထွက်ထားတာရှိတယ်လို့လည်း ပြောပါတယ်။
သြဂုတ်လ ၂၁ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ပြုလုပ်တဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးတွေ အပြီးမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ လိုက်နာရမယ့်အချက်တွေကို ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားလိုက်တာ လို့လည်း သိရပါတယ်။
ဒီညွှန်ကြားချက်နဲ့ ပတ်သက်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စနေနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။